Monday, November 25, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှု သမ္မတ၊ လွှတ်တော်နှင့် တပ်မတော် လက်ခံ၊ မခံ တရားဝင် မပြောနိုင်သေး

နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်း လဲ ရေးဆိုင်ရာ အရေးကိစ္စများ တွေ့ဆုံဆွေးနွေး ရန် ဒေါ်အောင်ဆန်းစုကြည် ၏ မေတ္တာ ရပ်ခံမှုအပေါ် တရားဝင်အကြောင်းကြားစာ မရောက်ရှိသေးသဖြင့် လက်ခံ၊ မခံ မပြောနိုင်သေးဟု သက်ဆိုင်ရာ တာဝန် ရှိသူ များက နိုဝင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

မေတ္တာရပ်ခံချက်ကို နိုဝင်ဘာ ၂၃ ရက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အဓိကအကျဆုံးကိစ္စဖြစ်သည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆင်ပြေချောမွေ့စွာ ဖြစ်မြောက်ရန် ရည်ရွယ်၍ တွေ့ဆုံရန် မေတ္တာရပ်ခံခြင်းဖြစ်သည်ဟု ပါဝင် သည်။

“စာရောက်ပြီဆိုမှပြောလို့ရမယ်၊ အဲဒီစာက ဘယ်လိုလာမလဲမသိသေးဘူး”ဟု ကမ်းလှမ်းမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောသည်။

ယင်းသို့ပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဝေလင်းနှင့် ပြည်ထောင်စု လွှတ်တော်နာယကနှင့် နီးစပ်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ မေတ္တာရပ်ခံချက်ကို ထုတ်ပြန် ကြေညာခဲ့သော်လည်း တရားဝင် စာဖြင့် သက်ဆိုင်ရာများသို့ပေးပို့သွားရန်မှာမူ စီစဉ်နေဆဲသာဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့က မဇ္ဈိမကို ပြောသည်။

“မနက်ဖြန်လောက် ပို့ဖို့ ကြိုးစားနေပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အနာဂတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတို့နှင့် တိုက်ရိုက်ဆက်စပ်သည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အရေးကြီးနေချိန်တွင် ခေါင်းဆောင်များ၏ တွေ့ဆုံမှုသည် အကောင်းဆုံး ရလာဒ်များ မျှော်လင့်နိုင်မည်ဟု ယုံကြည်သည်ဟု ၎င်းတို့က ဆိုသည်။

“တွေ့ဆုံပွဲကို ရာနှုန်းပြည့် ဖြစ်စေချင်တယ်။ တိုင်းပြည်အနာဂတ်တစ်ခုလုံးနဲ့ ဆိုင်တာဖြစ်လို့ အဆင်ပြေချောမွေ့ သွား၊ အောင်အောင်မြင်မြင် ဖြစ်သွားမယ်ဆိုရင် တိုင်းပြည်လည်း မျက်နှာပန်းလှမှာပါ”ဟု ဦးဝင်း မြင့်က သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မေတ္တာရပ်ခံမှုသည် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသာဖြစ်၍ သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်တို့ဘက်မှ လက်မခံနိုင်စရာ အကြောင်းမရှိဟု နိုင်ငံရေး လေ့လာ သုံးသပ် သူများနှင့် အခြားသော နိုင်ငံရေးအင်အားစုအချို့က သုံးသပ်သည်။

“တစ်ဖက်က လက်ခံလား လက်မခံဘူးလားဆိုတာတော့ ကံသေကံမ ပြောလို့မရဘူး။ ဒါပေမဲ့ လက်ခံမယ်လို့ ထင်ပါတယ်”ဟု စာရေးဆရာ ဦးကျော်ဝင်းက သုံးသပ်သည်။

လက်ရှိ ခေါင်းဆောင်များသည် လက်ရှိအချိန်အခါ၌ ယခင်နည်းလမ်းဟောင်းများ အလုပ်မဖြစ်တော့ဟူ သည်ကို သဘောပေါက်ကြသူများဟု ယုံကြည်သည်ဟု နိုင်ငံရေးဆိုင်ရာ အတွေးအမြင်များ လေ့လာပို့ချ သူတစ်ဦးလည်းဖြစ်သည့် ၎င်းက ပြောသည်။

ပြည်တွင်းနိုင်ငံရေးသမားအချို့ကမူ ကမ်းလှမ်းမှုသည် အခြေခံဥပဒေ အသစ်ရေးဆွဲရေး မဟုတ် သဖြင့် တွေ့ဆုံမှုရလဒ်နှင့် တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါမပါတို့ကို များစွာမျှော်လင့် မထားဟု ဆိုကြသည်။

သို့သော် “တွေ့ရင်တော့ အတိုင်းအတာတစ်ခုအထိ ကောင်းပါတယ်”ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က သုံးသပ် ပြောဆိုသည်။

နိုင်ငံရေးအင်အားများ အားလုံးနီပါးကမူ တွေ့ဆုံပွဲဖြစ်မြောက်မည်ဟု မျှော်လင့်ထားပြီး နိုင်ငံရေးဖြစ်စဉ် တစ်ခုသို့ တစ်ဆင့်တက်လှမ်းနိုင်ရေး ကြိုးပမ်းနိုင်ကြရန်တော့ လိုသည်ဟု သုံးသပ်သည်။

“အားလုံး ရိုးရိုးသားသားနဲ့ ပြည်သူလူထုအတွက်ပဲ ဖြစ်မယ်ဆိုရင်၊ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားချင်တယ်ဆိုရင်တော့ ဒီတွေ့ဆုံပွဲက ဖြစ်မှာပေါ့”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးအေးမောက်က ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုတွင် လွှတ်တော်တွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းဆိုင်ရာကိစ္စ ပါဝင်မည်ဆိုပါက ထိလွယ်ရှလွယ် ဖြစ်နိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်၏ ၂၀၀၈ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ၎င်းက သုံးသပ်သည်။

ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှု၏ သရုပ်သကန်ဖြစ်သည့် အဆိုပါတွေ့ဆုံပွဲ ဖြစ်မြောက်ရေးနှင့် တစ်စုံတရာ အကျိုးဖြစ်ထွန်းမှုများကို မျှော်လင့်နေသည်ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီကလည်း ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment