Monday, November 25, 2013

လိင်တူချစ်သူများ ခွဲခြားဆက်ဆံခံရမှုများအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်သို့ လက်မှတ်ရေးထိုး တောင်းဆိုသွားမည်

ပတ်ဝန်းကျင်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများမှ ခွဲခြားဆက်ဆံမှု၊ အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် လိင်တူ ချစ်သူများ အခွင့်အရေးကွန်ရက် (Myanmar LGBT Rights Networks) အဖွဲ့ဝင်များက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် (MNHRC) သို့ လက်မှတ်ရေးထိုးတောင်းဆိုသွားမည်ဟု ၄င်း အစီအစဉ် ကို တာဝန်ယူ ဆောင်ရွက်နေသည့် Color Rainbows အဖွဲ့ မှ စီစဉ်ညွှန်ကြားရေးအရာရှိ ဦးလှမြတ်က ဆိုသည်။

ယင်းအစီအစဉ်အတွက် ကွန်ရက်ဝင်များမှ ပထမအကြိမ်အဖြစ် အောက်တိုဘာလအတွင်း လက်မှတ်ပေါင်း (၇၇၃) ခုကို ကောက်ယူရရှိထားပြီးဖြစ်ပြီး၊ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလအတွင်း ကောက်ယူမှုတွင် ရန်ကုန်မှ (၂၀၀) ကျော်နှင့် မန္တလေးမှ (၁၈၀) ရရှိပြီးဖြစ်သည်။ ထို့အပြင် အခြားမြို့နယ် များမှ ကောက်ခံ ရရှိသည့် လက်မှတ်များကို စိစစ်ရေတွက်နေသည်။ လိင်တူချစ်သူများ၏ လက်မှတ်ရေးထိုး ထားမှု များကို နိုဝင်ဘာလ နောက်ဆုံးအပတ် တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်သို့ တင်ပြတောင်း ဆိုသွားမည်ဖြစ်သည်ဟု ဦးလှမြတ်က မဇ္ဈိမကို ပြောသည်။

Myanmar LGBT Rights Networks သည် မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊ မန္တလေးအပါအ၀င် အခြားမြို့ကြီး (၁၇) မြို့မှ LGBT အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများပါဝင်သည်။ အဆိုပါအဖွဲ့များသည် လိင်တူ ချစ်သူများ .အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ခွဲခြားဆက်ဆံခံရမှုများကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ ဖြစ် သည်။

မန္တလေးလိင်တူချစ်သူ ဖမ်းဆီးမှုတွင် ဖမ်းဆီးခံခဲ့ရသူ Myanmar LGBT Rights Networks မန္တလေးတိုင်း တာဝန်ခံရှင်းသန့်က “ခွဲခြားတာတွေ ခံစားနေရတာကို အရေးယူပေးနိုင်ဖို့ကော်မရှင်ကနေပြီးတော့ ထုတ်ပြန်ချက်ပဲဖြစ်ဖြစ် ထုတ်တာ၊ ကြေညာတာတို့ကို လုပ်ပေးစေချင်တယ်။ အခုဟာက တိုင်ထားပေမဲ့ အရေးမယူဘူး။ ပြန်စစ်မယ်သာပြောတာ ဘယ်တော့စစ်မလဲဆိုတာကိုမသိရဘူး” ဟုဆိုသည်။

Myanmar LGBT Rights Networks နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် (MNHRC) တို့ တွေ့ဆုံမှုနှင့် ယင်း လက်မှတ်ပေးပို့မည့် အစီအစဉ်နှင့် ပတ်သက်ပြီး အမျိုးသား လူ့အခွင့်ရေးကော်မရှင် အတွင်းရေးမှုး ဦးစစ်မြိုင်ကို မေးမြန်းရာတွင် မိမိတို့ အဖွဲ့အနေဖြင့် လတ်တလောအချိန်အထိ ရန်ကုန်တွင် ၄င်းတို့နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေးပဲ လက်မှတ်ရေးထိုးတင်ပြလာခြင်းများလည်း မရှိသေးဟု ပြော ကြား သည်။

Mizzima - News in Burmese

No comments:

Post a Comment