Wednesday, November 6, 2013

ဘင်္ဂလီအယောက်၇၀ စီးနင်းလိုက်ပါသည့်လှေ တိမ်းမှောက်မှု အမေရိကန်သံရုံး ဝမ်းနည်းကြောင်း ထုတ်ပြန်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃ရက်က လူ ၇၀ နီးပါးပါဝင်သည့် လှေတိမ်းမှောက်မှုကို အမေရိကန်ပြည်ထောင်စုက ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး က နိုဝင်ဘာ လ ၅ရက်က ထုတ်ပြန်လိုက်သည်။

လှေတိမ်းမှောက်မှုတွင် ပါဝင်သော လူ ၇၀ နီးပါးသည် သတင်းများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်စလင်ဒေသခံများ ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

ဘင်္ဂလီလူမျိုး ၇၀ စီးနင်းလိုက်ပါသွားသော စက်လှေတိမ်းမှောက်မှု နိုဝင်ဘာလ ၃ရက်က ဖြစ်ပေါ်ခဲ့ပြီး ရှစ်ဦးကို ရခိုင်ကမ်းရိုးတမ်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီး ၆၀ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု AP သတင်းဌာနက ထိုရက်က ရေးသားခဲ့သည်။ သို့သော် ထိုသတင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က နိုဝင်ဘာလ၅ရက်တွင် မဇ္ဈိမကို ပြောသည်။

ထို့အပြင် အမေရိကန်သံရုံးက ရခိုင်ပြည်နယ်တွင် နေထိုင်သော ထိခိုက်လွယ်သောလူအားလုံး၏ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုနှင့်ဆိုင်သော အခြေအနေများကို စိုးရိမ်ပူပန်လျက်ရှိ သည်ဟု ဆိုထားသည်။

ရခိုင်ပြည်နယ် တွင် ၂၀၁၂ ခုနှစ်က စတင်၍ ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ဘင်္ဂလီဒုက္ခသည် ၈၀၀၀၀ ကျော်နှင့် ရခိုင်ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိသည် ဟု အစိုးရအဖွဲ့ကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ်၊ အမ်းမြို့နယ် ၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်များ တွင် ဒုက္ခသည်စခန်းများ ရှိပြီး ယင်းဒုက္ခသည် များ နေထိုင်နိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် UNHCR အဖွဲ့တို့ပူးပေါင်း၍ အိမ်ထောင်စု ၁၀ စုခန့်နေထိုင် နိုင်သော တန်းလျား ၁၅၀၀ ကျော်နှင့် လုံးချင်းအိမ်များ ငါးရာနီးပါးခန့် ဆောက် လုပ်ကာ နှစ်ဖက် အဖွဲ့အစည်းမှ ဒုက္ခသည်များကို ထားရှိသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မဇ္ဈိမသို့ ပြောကြားထားဖူးသည်။


Mizzima

No comments:

Post a Comment