Friday, November 22, 2013

စမတ်ဖုန်း သုံးတာသတိထား၊ ကြာကြာသုံးလျှင် လည်ကုပ်နှင့် မေးရိုးများကို ထိခိုက်စေနိုင်

စမတ်ဖုန်းများ အသုံးပြု၍ Message ပေးပို့ခြင်း၊ ဂိမ်းကစားခြင်းများကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ပါက လည်ကုပ်နှင့် မေးရိုးများကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ အမေရိကန် နိုင်ငံ ဖလော်ရီဒါမှ အရိုးဘက်ဆိုင်ရာ ဆေးပညာ သုတေသီများသည် စမတ်ဖုန်းများ လွန်ကဲစွာ အသုံးပြု ခြင်းဖြင့် ရေရှည်တွင် ဖြစ်ပေါ်နိုင်သည့် iSlouchingနှင့် iGrindingဆိုသော ထိခိုက်သက်ရောက်မှု နှစ်ခုကို ဖော်ထုတ်ပြခဲ့သည်။ အမေရိကန်တွင် လူတစ်ဦးသည် ပျမ်းမျှအားဖြင့် မိမိ၏ဖုန်းကို နေ့စဉ် အကြိမ်ရေ (၁၁၀)မျှ ထုတ်ကြည့်လေ့ရှိသည်။ အကျိုးဆက် အနေဖြင့် ဖုန်းကို လက်ထဲတွင်ထားကာ ငုံ့ကြည့်ရာမှ ကျော ရိုးဆစ်နှင့် လည်ကုပ်ပိုင်းကို ထိခိုက် သက်ရောက်နိုင်ကြောင်း ဖြစ်သည်။ ဖုန်းကို ကြာရှည်စွာ ငုံ့ကြည့်ရင်း လူတစ်ဦး၏ နောက်ကျောမကြီးကို ဖိအားသက်ရောက်နေသည့် ဖြစ်စဉ်ကို iSlouchingဟု အမည်ပေး ထားသည်။
ဖလော်ရီဒါမှ ကျောရိုးဆေးပညာ အထူးပြု သုတေသီ တစ်ဦးဖြစ်သည့် ဒေါက်တာ မတ်ဟာဘာက "ရှေ့ကို ခေါင်းငိုက်လိုက်ချိန်မှာ ကျောရိုးပေါ်ကို ဖိအားသက်ရောက်မှု (၁၀)ပေါင်အားလောက် ရှိသွားတတ်လို့ သုတေသန ရလဒ်တွေက ညွှန်ပြနေပါတယ်။ စမတ်ဖုန်းတွေ အသုံးပြုဖို့ ရေရှည် ခေါင်းငုံ့ထားတဲ့အခါ လည် ကုပ်နဲ့ ကျောရိုးဆစ်တွေ ကြားထဲက အရိုးနုနဲ့ တစ်သျှူးတွေကို ထိခိုက်မှုတွေ ဖြစ်စေတတ်တယ်"ဟု ရှင်းပြခဲ့သည်။ သုတေသီများက iSlouching ဖြစ်စဉ်ကို ရှောင်ရှားရန်အတွက် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုကို အချိန်ကန့်သတ်ရန် အကြံပြုထားသည်။
အချို့သော ကလေးများသည် စမတ်ဖုန်းများနှင့် ဂိမ်းကစားသည့်အခါ အောက်မေးရိုးကို သတိလက်လွတ် ကြိတ်ဝါးနေတတ်သည်။ မကြာခဏ အံကြိတ်ပြီး ဖိအားပေးနေခြင်းသည် ရေရှည်တွင် မေးရိုးကို ထိခိုက်လေ့ ရှိပြီး ယင်းကို iGrindingဟု အမည်ပေးထားသည်။ အဆိုပါ ဖြစ်စဉ်မျိုးသည် လူကြီးအချို့တွင်လည်း တွေ့ရှိ နေရကြောင်း ဒေါက်တာ ဟာဘာက မှတ်ချက်ပြုခဲ့သည်။ "စမတ်ဖုန်း တစ်လုံးကို သတိမမူဘဲ အချိန် အကြာကြီး သုံးစွဲမိတဲ့အခါ မမျှော်လင့်တဲ့ ဆိုးကျိုးသက်ရောက်မှု တချို့ကို ခန္ဓာကိုယ်က လက်ခံရရှိ နေတတ်ပါတယ်။ အထူးသဖြင့် ကျောရိုးတဝိုက်မှာ ရှိနေတဲ့ ကြွက်သားတွေ၊ အရွတ်တွေ၊ အာရုံကြော တွေဟာ လှုပ်ရှားမှု ပုံစံ တစ်မျိုးတည်းကို ခဏခဏ လုပ်ဆောင်နေရရင် ဒဏ်ဖြစ်သွားတတ်တယ်"ဟု ၎င်း က ဆိုသည်။
သုတေသီများက Messageများ ပေးပို့ရာမှ လည်ကုပ်ညောင်းညာ နာကျင်သည့် အဖြစ်မျိုး ကြုံလာရခြင်းကို Text Neckဟုလည်း အမည်ပေးထားသေးသည်။ ဆန်ဖရန်ဆစ္စကို တက္ကသိုလ်တွင် ပြုလုပ်သည့် သီးခြား သုတေသန ရလဒ်တစ်ခုအရ စမတ်ဖုန်းများကို အချိန်ကြာမြင့်စွာ အသုံးပြုလေ့ရှိသူများ၏ (၈၃)ရာခိုင်နှုန်း သည် Messageပို့တိုင်း လည်ကုပ်တွင် နာကျင်မှု ခံစားရကြောင်း ဖော်ထုတ်တွေ့ရှိရသည်။ ၎င်းတို့သည် ညောင်းညာခြင်း၊ အသက်ရှူနှေးခြင်း၊ နှလုံးခုန်နှုန်း တိုးလာခြင်းစသည့် မူမမှန်သည့် ခန္ဓာကိုယ် တုံ့ပြန်မှု အချို့လည်း ဖြစ်ပေါ်တတ်ကြောင်း သိရှိရသည်။ 
By Planet

No comments:

Post a Comment