Thursday, December 12, 2013

မန္တလေးမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ ကြော်ငြာကပ်ခြင်း အရေးယူတော့မည်

မန္တလေးစည်ပင်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ်ငယ်များ လိုက်လံကပ်နေခြင်း သည် မြို့အမြင် မတင့်တယ်ဘဲဖြစ်နေပြီး ဆီးဂိမ်းကာလတွင် နိုင်ငံခြားသားဧည့်သည်များအတွက် မြို့၏ ဂုဏ်ကျက်သရေကို ပြသရမည်ဖြစ်သဖြင့် ထိုကြော်ငြာရှင်များကို စာရင်းကောက်ယူကာ အရေးယူရန် စီ စဉ်လျက်ရှိသည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန၏ ဌာနခွဲ မှူးဦးဇော်ဝင်းက ဒီဇင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အိမ်နံရံတွေမှာ ဗီနိုင်းကပ်ရင် အိမ်ရှင်တွေမှာတာဝန်ရှိတယ်။ အထူးသဖြင့် အများပြည်သူနဲ့ ပတ်သက် တဲ့ နေရာတွေမှာဆိုရင် လုံးဝလက်မခံပါဘူး၊ ဒါတွေကို ဖြုတ်သိမ်းဖို့ သတိပေးပြီးပါပြီ၊ မဖြုတ်ဘဲ ကျန်နေရင် တော့ ကြော်ငြာပိုင်ရှင်ကို အရေးယူမှာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးဖို့ဆိုပေမယ့် စနစ်တကျ ရှိဖို့တော့လိုပါ တယ်”ဟု ဦးဇော်ဝင်းက ပြောသည်။

စည်ပင်နယ်နိမိတ်အတွင်းရှိ လမ်းမကြီးများ၊ သစ်ပင်များ၊ ဓာတ်တိုင်များနှင့် အများပြည်သူနှင့် သက်ဆိုင် သည့် နေရာများတွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ကုန်ပစ္စည်းကြော်ငြာများကို ကပ်နေခြင်း တို့ကြောင့် ကြော်ငြာ ရှင် များအတွက် စနစ်တကျနှင့် နေရာတစ်ခု သီးသန့်သတ်မှတ်ကာ အခွန်နှုန်း ထားယူပြီး ကြော် ငြာခွင့်ပေးရန် စီစဉ်နေသည်ဟုလည်း သူက ဆိုသည်။

“နေရာရှာနေတုန်းပါ။ သင့်တော်တဲ့ နေရာသတ်မှတ်ပြီး အခွန်အခယူပြီးတော့ ကြော်ငြာကပ်ဖို့ တရားဝင် ခွင့်ပြုပေးမယ်၊ အဲနေရာမှာ ကိုယ့်ကုမ္ပဏီအမှတ်တံဆိပ်အတွက် ကြိုက်သလို ကြော်ငြာကပ်နိုင်ပါတယ်” ဟု ဦးဇော်ဝင်းက ပြောသည်။

ခွင့်ပြုချက်မရရှိဘဲ ကုန်ပစ္စည်းများကို ကြော်ငြာများကပ်နှိပ်သည့် ကုမ္ပဏီများကို မိမိကြော်ငြာများ ဖြုတ် သိမ်းရန် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ သတင်းစာတွင် ထည့်သွင်း အသိပေးထားပြီးဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment