Thursday, January 23, 2014

ကျပ်သန်းပေါင်း နှစ်သောင်းကျော် ၀န်ကြီးဌာန ငါးခုပေးသွင်းရန်ကျန်

နိုင်ငံပိုင် မြေကွက်များ၊ အဆောက်အအုံများ၊ နိုင်ငံပိုင်သိမ်းဆည်းပစ္စည်းများ နှင့် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ရောင်းချထားသည့် ၀န်ကြီးဌာန ငါးခုက ပေးသွင်းရန် ကျန်ရှိနေ သည့် ငွေပမာဏမှာ ကျပ် သန်းပေါင်း နှစ်သောင်းကျော် (၂၁,၇၃၆ ဒသမ ၀၀၄) ကျန်ရှိနေ သည် ဟု အမျိုးသားလွှတ်တော်၏ ပြည် သူ့ငွေစာရင်း ကော်မတီက ဇန်န၀ါရီ ၂၂ ရက်တွင် လွှတ် တော်သို့ အစီရင်ခံစာတင်သွင်းလိုက်သည်။
ပေးသွင်းရန် ကျန်ရှိနေသည့် ၀န်ကြီးဌာနများမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု ၀န်ကြီး ဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ပညာရေး ၀န်ကြီးဌာနတို့ဖြစ်သည်။ ရထား ပို့ဆောင်ရေးဝန်ကြီး ဌာန က အများဆုံး ဖြစ်နေပြီး ပေးသွင်းရန် ကျန်သည့် ငွေပမာဏမှာ အစီရင်ခံစာအရ ကျပ်သန်း ပေါင်း ၁၃,၄၆၆ ဒသမ ၆ အထိပင် ရှိ နေသည်။

ဝန်ကြီးဌာနများ၏ ပေးသွင်းရမည့် ထို ငွေပမာဏများမှာ ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလ၀က်မှ စက်တင်ဘာ လကုန်ထိ လေ့လာတွေ့ရှိချက်အရဖြစ်သည်ဟု အမျိုးသား လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ အဖွဲ့ဝင်ဖြစ်သည့် ဦးအောင်ချိုဦးက လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ရန်ကုန်တိုင်းမှ အမျိုးသားလွှတ်တော် အမတ် ဒေါ်ခင်ဝိုင်းကြည်က “နိုင်ငံတော် မှာရှိတဲ့ငွေဟာ ပြည်သူ့ အတွက် လိုအပ်တဲ့ နေရာမှာ သုံးရမှာဖြစ်တဲ့အတွက် အခုလို မျိုးရစရာရှိတာတွေ အပြည့်အ၀မရဘူး ဆိုတော့ နိုင်ငံတော်မှာ လိုအပ်ချက်တွေ အများကြီးဖြစ်တာပေါ့” ဟု ပြောသည်။

ယင်းကျန်ငွေများအား ဘဏ်ချေးငွေရရှိမှသာ ပေးချေမည်ဟူသော ၀န်ကြီးဌာနများ၏ ကတိက၀တ်မှာ လိုက်လျောလွန်း ရာရောက်နေပြီး အရေးယူဆောင်ရွက်မှုမျာလည်း အားနည်းနေသည်ဟု ကော်မတီ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

ယင်းအပြင် ကျန်ငွေပေးဆောင်ရမည့် ၀န်ကြီးဌာနများကို ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ စီမံခန့်ခွဲ ရန်နှင့်အလေးထားပြီး အရေးယူဆောင်ရွက်ရန်လည်း ကော်မတီက အကြံပြုထားသေးသည်။ အများဆုံး ပေးသွင်းရမည့် ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှာ နိုင်ငံပိုင်ဖြစ်သည့် အလုံမြို့နယ်၊ ဗဟိုလမ်းမှ မြေနှင့် အဆောက်အအုံ၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမှ အိမ်ရာစီမံကိန်းများကို ရောင်းချ ထားသော်လည်း ၃၀ ရာခိုင်နှုန်းသာ နိုင်ငံတော်သို့ ပေးသွင်းထားကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့ပြင် အစိုးရမှ ရောင်းခြင်းဖြစ်၍ဟု ၀န်ကြီးဌာနအချို့က ဖြေကြားခဲ့ခြင်း၊ ချက်ချင်း အမည်ပေါက် ထုတ် ပေးခဲ့ခြင်းတို့ကြောင့် တံဆိပ်ခေါင်းခွန် ကောက်ခံမှု အားနည်းခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment