Thursday, January 23, 2014

သမ၀ါယမစနစ် ပြည်သူတို့ ယုံကြည်မှုရရန် ဥပဒေနှင့်ညီရန်လိုဟု အမတ်များပြော

သမ၀ါယမစနစ်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ သမ၀ါယမ၀န် ကြီးဌာမှ ဖုံးကွယ်ထားသည့် ဥပဒေနှင့် မညီညွတ်သော ကိစ္စများကို ပြန်လည်ဖော်ထုတ်၍ ယုံကြည်မှု ပြန်ရရန်ရေးလုပ်ဆောင်သင့်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အချို့က ထောက်ပြ ပြောဆို လိုက်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်က “ဆိုရှယ်လစ်တိုင်းပြည်ဖြစ်ဖြစ်၊ ဒီမိုကရေစီ တိုင်းပြည် ဖြစ်ဖြစ် သမ၀ါယမ စနစ်ဆို တာ ရှိဖို့လိုအပ်တယ်၊ သမ၀ါယမစနစ်ဟာ ငွေကြေးအရင်းအနှီး နည်းပါးသူ တွေအတွက် ထူထောင်ထားတာဖြစ်လို့ သမ၀ါယမ စနစ်အောင်မြင်မှ တိုင်းပြည် ဖွံ့ဖြိုးမှုလည်း မြန်ဆန် လာမယ်” ဟု မဇ္ဈိမကို ပြောသည်။

သမ၀ါယမ၀န်ကြီးဌာနအတွက် နိုင်ငံတော်က သမ၀ါယမလုပ်ငန်းများ လုပ်ဆောင်ရန် ချထားပေးခဲ့သော ဗိုလ်ချုပ်ဈေး ရှိမြေနေရာနှစ်ခုကို ၀န်ကြီးဌာန၏သဘော တစ်ခုတည်းဖြင့် Super World စတိုးထံ ကျပ် သိန်းငါးရာနှင့် ရောင်းချခဲ့ခြင်းအပေါ် တရားဥပဒေကြောင်းအရ ပြန်လည်စိစစ် ဆုံးဖြတ်ပေးရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ ပထမအကြိမ်၊ န၀မပုံမှန် အစည်းအဝေး၊ စတုတ္တနေ့ အဆိုတင်သွင်းမှု အပြီးတွင် ယင်းသို့ ဝေဖန်လိုက်ခြင်းဖြစ်သည်။

ဦးဖုန်းမြင့်အောင်က “သမ၀ါယမ၀န်ကြီး ဌာနအနေနဲ့ အလုပ်လုပ်ဖို့ နိုင်ငံတော်က ချပေးထားတဲ့ မြေနေ ရာကို ရောင်းချခွင့် မရှိဘူး။ အဲဒီလိုရောင်းလို့မရအောင်လည်း သုံးနှစ်ဂရမ်နဲ့ပဲ ချထားပေးတာဖြစ်တယ်၊အဲဒီလိုကြားထဲက ရောင်းချခဲ့တာဖြစ်လို့ အခုခေတ် တရားဥပဒေနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြန်စိစစ် ကြည့်ခိုင်းတဲ့ သဘောပဲဖြစ်တယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ၀န်ကြီးဌာန၏ သဘော တစ်ခုတည်းဖြင့် နိုင်ငံပိုင်ပစ္စည်းကို ရောင်းချခြင်းသည် ဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိ မေးခွန်းကို ၀န်ကြီးဌာနက ချက်ချင်း ပြန်လည်ဖြေဆိုနိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ပြန်လည်စိစစ်ပြီး အဆိုတင်သွင်းသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ထံ ပြန်လည်အကြောင်းကြား ရန် လွှတ်တော် အတွင်း ပြောကြားခဲ့သည်။

အလားတူဖြစ်ရပ်မျိုးသည် ၁၉၉၄ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ဖူးကြောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။ လယ်/ဆည် ၀န်ကြီးဌာန ပိုင်ဆိုင်သော မန္တလေးတိုင်းရှိ မြေ ရှစ်ဧကကို ရောင်းချခဲ့ရာ မြေဂရမ် ထွက်ရှိပြီး နောက်ပိုင်းမှ တရားရုံးက ဥပဒေ နှင့် မကိုက်ညီဟုဆိုပြီး ပယ်ချခဲ့သော ဖြစ်ရပ်ဖြစ်သည်ဟုလည်း ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment