မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမားများကို အင်ဒိုနီးရှား တရားရုံးက အကြမ်းဖက် ဝါဒ နှိမ်နင်းရေးဥပဒေအရ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံအခြေစိုက် သတင်း မီဒီယာ များတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ဖော်ပြထားသည်။
ဗုံးခွဲရန်ကြံစည်သူ အကြမ်းဖက်သမားများအနက်မှ ဗုံးခွဲရန်အတွက် လက်လုပ်ဗုံးများ သယ်ဆောင် သူ နှစ် ဦးဖြစ် သည့် Rokhadi alias Abu Jannah ကို ထောင်ဒဏ်ခြောက်နှစ်နှင့် Ahcmad Taufik alias Ovie ကို ထောင်ဒဏ်ခုနစ် နှစ်ခြောက်လ အသီးသီးချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ယင်းသတင်းများအရ သိရ သည်။
ထို့အပြင် မြန်မာသံရုံးကို ဗုံးခွဲရန်အတွက် အဓိက ဦးဆောင် လှုပ်ရှားသူ ဖြစ်သည့် Sigit Indrajit ဆိုသူကို လာမည့် သီတင်းပတ်အတွင်း၌ တရားရုံးက စီရင်ချက် ချမှတ်သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းများ အရ သိရသည်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန်အတွက် ၂၀၁၃ ခုနှစ် မေလ အတွင်း က လက်လုပ်ဗုံးငါးလုံးကို ကိုယ်တွင်း သယ်ဆောင်လာသော အကြမ်းဖက် သမားနှစ်ဦး အပါအဝင် ဗုံးခွဲတိုက်ခိုက်ရန်အတွက် အဓိက ကြိုးကိုင်လှုပ်ရှားသူ ၁၄ ဦးကို အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ယင်းဖမ်းဆီးရမိသူ ၁၄ ဦးတွင် အင်ဒိုနီးရှားနိုင်ငံရှိ နာမည်ကျော် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တစ်ဦးနှင့် ခရစ်ယာန် ကက်သလစ်အနွယ်ဝင် ဘုန်းတော်ကြီးတစ်ပါးကို သတ်ဖြတ် ရန် ကြံစည်မှုဖြင့် အကျဉ်းကျခဲ့သော Iqbal Hussaini ဆိုသည့် အကြမ်းဖက် ခေါင်းဆောင်တစ်ဦး ပါဝင်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထုတ်ပြန်သည်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာတွင်ရှိသော မြန်မာသံရုံးကို ဗုံးခွဲရန် အဓိက ကြိုးကိုင်ကြံစည်သည့် အဖွဲ့ဝင်များနှင့် အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်သမား ခြောက်ဦး သေဆုံးသွားသည်။
မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်မှုသည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များက အစ္စလာမ် ဘာသာဝင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများကို လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ပြောကြားကြောင်း အင်ဒိုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အလားတူပင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကို အကြောင်းပြကာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရှိ အစ္စလာမ် စစ်သွေးကြွများက ဂျာဗားပြည်နယ် အနောက်ဘက် ရှိ Ekayana Grha အမည်ရှိ ဗုဒ္ဓဘာသာ ဘုရားရှိခိုးကျောင်းကို အသေးစား ဗုံးခွဲတိုက်ခိုက်မှုတစ် ခု ပြုလုပ်ခဲ့ရာ ဘုရားရှိခိုး ဝတ်ပြုနေသူသုံးဦး ဒဏ်ရာ ရရှိသွားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန် သည်။
The Voice Weekly
No comments:
Post a Comment