Tuesday, January 14, 2014

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရာတွင် လူမှုဝန်ထမ်းအောက်ရှိ ဂေဟာများကို အဖွဲ့အစည်းပုံစံဖြင့် ကောက်ယူမည်

မတ်လ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ ဂေဟာများ ကို အဖွဲ့အစည်းပုံစံဖြင့် ကောက်ယူမည်ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦး စီးဌာန၊ သာကေတမြို့နယ် ဦးစီးဌာနမှူးဦးမင်းနောင်က မဇ္ဈိမကို ပြောသည်။
အဖွဲ့အစည်းစာရင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ ဂေဟာများလည်း ပါဝင်ပြီး ယင်းဂေဟာများတွင် တာဝန်ခံများနှင့်ပူးပေါင်း၍ စာရင်းကောက်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဦးမင်းနောင်က “လူဦးရေများတဲ့ဂေဟာတွေကိုတော့ တာဝန်ခံတွေကို သင်တန်းပေးပြီး သန်းခေါင် စာရင်း ကောက် ယူရေးအဖွဲ့တွေနဲ့ ပူးပေါင်းကောက်ယူသွားမှာပါ၊ လူဦးရေနည်း တဲ့ဂေဟာတွေ ကိုတော့ သန်း ခေါင်စာရင်းကောက်ယူရေး အဖွဲ့ဝင်တွေကသာ ကောက်ယူ သွားမှာပါ”ဟု ပြောသည်။

မတ်လ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုနှင့် အဖွဲ့အစည်းဟူ၍ အမျိုး အစား နှစ်မျိုးခွဲ၍ စာရင်းကောက်ယူမည်ဖြစ်ပြီး အဖွဲ့အစည်းများက မေးခွန်း ၁၁ ချက်သာ ဖြေဆိုရမည် ဖြစ်သည်ဟုလည်း ဦးမင်းနောင်က မဇ္ဈိမကို ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုများက မေးခွန်း ၄၁ ချက် ဖြေဆိုရမည်ဖြစ်ပြီး အဖွဲ့အ စည်းများအနေဖြင့်မူ မေးခွန်း ၁၁ ချက် ဖြေဆိုရမည်ဖြစ်ကာ အဖွဲ့အစည်းများအောက် တွင် အမျိုးအစား ၁၀ မျိုး ခွဲခြားထားပြီး ဟိုတယ်၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မိဘမဲ့ဂေဟာ၊ ဘာသာရေးအဆောက်အအုံများ၊ စခန်း၊ ကျောင်းများတွင် နေထိုင်သူများ စသည်ဖြင့် ပါဝင် သည်။ 

ယင်းအပြင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်လည်း ၎င်းတို့အောက်ရှိ ပြုစုစောင့်ရှောက်ထားသူ များကို သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်နိုင်ရန် စာရင်းပြုစုထားသည်ဟုလည်း လူမှုဝန်ထမ်းဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က မဇိ္ဈမကို ပြောသည်။

၎င်းက “လူမှုဝန်ထမ်းမှာ ပြုစုစောင့်ရှောက်ထားတာ မသန်စွမ်းတွေလည်းရှိတယ်လေ၊ အားလုံးပါဝင်ခွင့်ရ အောင် သန်းခေါင်စာရင်းကောက်ယူရေး ဗဟိုကအဖွဲ့ဝင်တွေနဲ့ တစ်လတစ်ခါ အစည်းအဝေးလုပ်ပြီး လူ မှုဝန်ထမ်းဌာနမှာ စောင့်ရှောက်ထားတဲ့ စာရင်းတွေကို တင်ပြထားပါတယ်”ဟု ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသည့် လူငယ်နှင့် အမျိုးသမီးသင်တန်းကျောင်း ၁၀ ကျောင်းရှိရာ ရန်ကုန်တွင် အမျိုးသမီးသင်တန်းကျောင်း တစ်ကျောင်းနှင့် လူငယ် သင်တန်းကျောင်း လေးကျောင်း၊ မန္တလေးတွင် လူငယ်သင်တန်းကျောင်း နှစ်ကျောင်း၊ လာရှိုး၊ မွန်ပြည် နယ်နှင့် ဧရာဝတီတိုင်းတွင် လူငယ် သင်တန်းကျောင်း တစ်ကျောင်းစီ ရှိနေပြီး လူမှုဝန်ထမ်းဦးစီးလက်အောက်တွင် အမျိုးသား ၁၀၉၈ ဦးနှင့် အမျိုးသမီး ၃၂၂ ဦးရှိပြီး စုစုပေါင်း ၁၄၂၀ ကို စောင့်ရှောက်ထားသည်။

ယင်းအပြင် လူမှုဝန်ထမ်းဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ၂၂၇ ခုရှိနေရာ အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေးဂေဟာ ၁၀ ခု နှင့် လူငယ်ဂေဟာ ၂၁၇ ခုတွင် အမျိုးသား ၁၅,၇၇၄ ဦးနှင့် အမျိုးသမီး ၆,၀၁၇ ဦး ရှိနေသည်။

လူမှုဝန်ထမ်းလက်အောက်တွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့၌ မသန်စွမ်းကျောင်း ခြောက်ကျောင်းရှိရာ သင်တန်းကျောင်းများတွင် အမြဲတမ်းစောင့်ရှောက်ထားသည့် မသန်စွမ်း ၄၀၀ ၀န်းကျင်ထိ ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment