Tuesday, January 14, 2014

နိုင်ငံရေးဆွေးနွေးမှုသို့ ဦးတည်မှသာ တစ်နိုင်ငံလုံး အပစ်ရပ်သဘော တူ စာချုပ်တွင် လက်မှတ်ထိုးမည်ဟု TNLA ဆို

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အ ခတ်ရပ်စဲရေးတွင် နိုင်ငံရေးဆွေးနွေးပွဲသို့သွားရန် သေချာသည့် အနေအထားရှိမှသာ သဘောတူ လက် မှတ်ထိုးနိုင်မည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဒု-ဥက္ကဋ္ဌ တားဂျုတ်ဂျာက ဇန်န၀ါရီလ ၁၃ ရက်တွင် မဇ္ဈိမကို ပြောဆိုလိုက်သည်။
“အခုသွားနေတဲ့ ဆွေးနွေးမှုတွေမှာ နိုင်ငံရေးဆွေးနွေးမှုကို ဦးတည်သယောင်ယောင်တော့ ပြောနေကြ တာပဲ၊ ဒါပေမဲ့ အပစ်ရပ်လက်မှတ်တွေထိုးပြီးမှ အကောင်အထည်မပေါ်လာမှာကို စိုးရိမ်တယ်။ အရင်က လည်း သာဓကတွေများစွာ ရှိတယ်။ အဲ့တော့ ကျွန်တော်တို့က စောင့်ကြည့်မယ်။ မဟုတ်ရင်တော့ အပစ် ရပ်ရေးမှာ ပါဝင်ဖို့ကို စဉ်းစားရတော့မယ်”ဟု ပြောသည်။

လက်ရှိ သွားနေသည့် ငြိမ်းချမ်းရေးလမ်းစဉ်တွင် နိုင်ငံရေးဆွေးနွေးမှုများသို့ ဦးတည်ရန် ခိုင်လုံသည့် အခြေအနေ မတွေ့ရသေးဘဲ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက် မှတ်ထိုးပြီးနောက်ပိုင်းမှ တိုင်းရင်းသားဒေသအသီးသီးတို့၏ ဖြေရှင်းရမည့် နိုင်ငံရေးဆွေးနွေးပွဲသို့ မသွား နိုင်မည်ကို စိုးရိမ်မှုရှိသည်ဟု တားဂျုတ်ဂျာက သုံးသပ်သည်။

TNLA အနေဖြင့် လက်နက်ကိုင်ဆောင်ထားရသည်မှာ မိမိတို့နယ်မြေ၊ လူမျိုးများ အခွင့်အရေးရရှိရေးဖြစ် သဖြင့် မိမိတို့ရည်ရွယ်ချက်ပြည့်ဝမှသာ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးတွင် ပါဝင်နိုင်မည်ဟု ဆိုသည်။

ဇန်န၀ါရီလ ၂၀ ရက်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅) လေးဝါး (သို့) လောခီးလာစခန်း တွင် ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲတွင် အစိုးရနှင့် ငြိမ်း ချမ်းရေးဆွေးနွေးပြီးနောက်ပိုင်း တိုင်းရင်းသားဒေသအချို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေမှုကို ဆွေး နွေးရန် ပြင်ဆင်ထားသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမည့် အနေအထားကို အနှောင့်အယှက်ဖြစ်စေ မည်ဆိုလျှင် ဆွေးနွေးတော့မည်မဟုတ်ဟု တားဂျုတ်ဂျာက ဆိုသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းက နိုင်ငံရေးခေတ်ပြောင်း လဲလာပြီဖြစ်သည့်အတွက် လုပ်ဆောင်ချက်အားလုံးတို့သည် စားပွဲဝိုင်းတွင်ဆွေးနွေးရန်ဖြစ်ပြီး “သဘော မတူမချင်း မထဘူး။ တူတဲ့အထိ စားပွဲဝိုင်းက ဆွေးနွေးမယ်”ဟု မဇ္ဈိမသို့ ပြောဆိုထားသည်။

TNLA နှင့် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးမှာ ပါဝင်ရန် အစိုးရဘက် မှ ကမ်းလှမ်းကာ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး ဆွေးနွေးပွဲများ တွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment