Monday, January 27, 2014

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀၀ အသုံးပြု၍ ကူညီမည်ဖြစ်ကြောင်းပြောကြား


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီရန်နှင့် မြန်မာပြည်သူများ ကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်အား အသုံးမပြုနိုင်သည့် အနေအထားများနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာသန်း ၂၀၀၀ အသုံးပြုသွားမည်ဟု ကမ္ဘာ့ဘဏ်အုပ်စု၏ဥက္ကဌ ဂျင်ယုံကင်မ်မှ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်တွင် ပြောကြားခဲ့ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု၏ ဇန်န၀ါရီ ၂၆ ရက်က ထုတ်ပြန်ချက်အရ သိရှိရသည်။

ကမ္ဘာ့ဘဏ်အုပ်စု၏ ဥက္ကဌ ဂျင်ယုံကင်မ်၏ ဇန်န၀ါရီ ၂၆ ရက်တွင် လာရောက်သည့် ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်တွင် ရန်ကုန်မြို့ရှိ အစိုးရဆေးရုံတစ်ရုံအား သွားရောက်လည်ပတ် ကြည့်ရှုမှုများ ပြုလုပ်ခြင်းနှင့် ဇန်န၀ါရီ ၂၇ ရက်တွင်မူ နေပြည်တော်၌ ကျင်းပမည်ဖြစ်သည့် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ဝင်များ၊ အတိုက်အခံခေါင်းဆောင်များ၊ စီပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ ဆုံ သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးအသုံးပြုနိုင်မှု မရှိသည့် အခြေအနေများအတွက် ယခုအသုံးပြုမည့် အမေရိကန်ဒေါ်လာသန်း ၂၀၀၀ မှထက်ဝက်ဖြစ်သည့် ကန်ဒေါ်လာသန်း ၁၀၀၀ အား လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အသုံးပြုသွားမည်ဖြစ်သည်။ မြန်မာအစိုးရမှ ဆောင်ရွက်နေသည့် အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေး စီမံကိန်းကို ကူညီသွားမည်ဖြစ်ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ၀င်ရောက်နိုင်ရန် လိုအပ်သည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ အခြေခံ မူဘောင်များ ပြုပြင်ပြောင်းလဲရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ အသီးအပွင့်တွေ ဆင်းရဲသားပြည်သူတွေဆီ မြန်မြန် ဆန်ဆန် ရောက်ရှိဖို့အတွက် ကူညီမှုတွေ တိုးမြှင့်ဆောင်ရွက်သွားပါမယ်။ အစိုးရရဲ့ စီမံကိန်းတွေဖြစ်တဲ့ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမှီနိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ၂၀၃၀ ပြည့်နှစ် မတိုင်မီမှာ လူတိုင်းလျှပ်စစ်ဓာတ်အား အပြည့်အ၀ ရရှိဖို့အတွက် လုပ်ငန်းတွေကို လုပ်ဆောင်သွားပါမယ်” ဟု ဂျင်ယုံကင်မ်က ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်အုပ်စုမှ မြန်မာနိုင်ငံအတွက် ကူညီမည့် အထက်ပါ အစီအစဉ်များအတွက် ကမ္ဘာ့ဘဏ် အုပ်စုဝင်များဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့(IDA)၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)နှင့် နိုင်ငံစုံအကျိုးတူ ရင်းနှီးမြှုပ်နှံမှု အာမခံရေးအေဂျင်စီ (MIGA) အစရှိသည့် အဖွဲ့များဖြင့် မြန်မာအစိုးရ၏ နှစ်ရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ကူညီနိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

Eleven

No comments:

Post a Comment