လူမှုဖူလုံရေး ဥပဒေသစ်တွင် ပါရှိသည့် အာမခံ အမျိုးအစားများအနက် ကျန်းမာရေး၊ လုပ်ငန်းခွင် ထိခိုက်မှု အပါအဝင် အာမခံစနစ် သုံးမျိုးကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြား သည်။
ယင်းဥပဒေသစ်တွင် ပါရှိသည့် လူမှုဖူလုံရေး အာမခံစနစ် ခြောက်မျိုးအနက် ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံ၊ မိသားစု ထောက်ပံ့မှုအာမခံ၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် သုံးမျိုးကို စတင်ကျင့်သုံးမည် ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းကဆိုသည်။
အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ အသက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံ၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် အာမခံ၊ အခြားလူမှုဖူလုံရေး အာမခံ (အိမ်ရာစီမံကိန်း) တို့ကို အဆင့်ဆင့် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ဒေါ်ဝင်းမော်ထွန်းက ပြောဆိုသည်။
၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူမှုဖူလုံရေး ဥပဒေကို စတင်ကျင့်သုံးရန် လာမည့် ဧပြီလ ၁ ရက်နေ့တွင် ဥပဒေကို ထုတ်ပြန်မည် ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောကြားသည်။
ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံ၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်အာမခံ နှစ်မျိုးအတွက် အလုပ်ရှင်က လုပ်ခ၏ ၃ ရာခိုင်နှုန်း၊ လုပ်သားက ၂ ရာခိုင်နှုန်း စုစုပေါင်း ၅ ရာခိုင်နှုန်း ထည့်ဝင်ရမည်ဖြစ်၍ ယခင်နှုန်းထားထက် ၁ ရာခိုင်နှုန်း ပိုများမည် ဖြစ်သော်လည်း ခံစားခွင့်များလည်း သိသိသာသာ တိုးလာမည် ဖြစ်ကြောင်း ဒေါ်ဝင်းမော်ထွန်းက ဆိုသည်။
လူမှုဖူလုံရေး စနစ်သစ်တွင် ယခုအသုံးပြုနေသည့် စက္ကူကတ်အစား ကွန်ပျူတာစနစ်ဖြင့် အသုံးပြုမည့် Smart Card စနစ်ကို ပြောင်းလဲသုံးစွဲမည် ဖြစ်သည်။
လုပ်သား သုံးသိန်းကျော်ကို Smart Card ထုတ်ပေးထားပြီး ဖြစ်ကြောင်း၊ လူမှု ဖူလုံရေး ထည့်ဝင်ထားသည့် လုပ်သားများ အနေနှင့် လူမှုဖူလုံရေး ဆေးခန်း၊ အလုပ်သမား ဆေးရုံကြီးများ၊ ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိက ဆေးခန်းများတွင် ဆေးကုသခွင့် ရရှိမည် ဖြစ်ကြောင်း ဒေါ်ဝင်းမော်ထွန်းက ပြောဆိုထားသည်။
လူမှုဖူလုံရေး ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ရန်၊ ဆေးပေးခန်းများကို အဆင်မြှင့်တင်ပေးရန် လိုအပ်ကြောင်း New Wave ဖိနပ်စက်ရုံ အလုပ်သမား အခြေခံ အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးသိန်းကျော်ဦးက ပြောကြားသည်။
လက်ရှိတွင် လူမှုဖူလုံရေးဆေးခန်း နည်းပါးခြင်း၊ ဆေးဝါး မလုံလောက်ခြင်း၊ လူမှုဖူလုံရေး ဆေးခန်းများနှင့် အလှမ်းဝေးခြင်း စသည့် ပြဿနာများကြောင့် လုပ်သားအများစုမှာ ပုဂ္ဂလိကဆေးခန်းများကို အားကိုးနေ ရကြောင်း လုပ်သားများက ပြောဆိုကြသည်။
၂၀၁၂ ခုနှစ် လူမှုဖှုလုံရေး ဥပဒေကို အဆိုပါနှစ် သြဂုတ်လ ၃၁ ရက်နေ့၌ နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးခဲ့သည်။
The Voice Weekly
No comments:
Post a Comment