Tuesday, February 11, 2014

မလေးရှားတွင် ရခိုင်အမတ်များ လုပ်ကြံခံရမှု နှစ်နိုင်ငံလွှတ်တော်နှစ်ရပ် ပူးပေါင်းဖြေရှင်းမည်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် မလေးရှားတွင် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် မလေးရှားလွှတ်တော် နိုင်ငံတကာဆက်ဆံ ရေးကော်မတီတို့ ပူးပေါင်းဖြေရှင်းသွားမည်ဟု အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဝေက မဇ္ဈိမကို ပြောသည်။


မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသား ရွှေ့ပြောင်းလုပ်သားများကို သွားရောက်တွေ့ဆုံ သည့် ဒေါက်တာအေးမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ အပါအ၀င် မြန်မာ နိုင်ငံသား ခြောက်ဦးသည် မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူတွင် ဖေဖော်ဝါရီ ၅ ရက် ညက သေ နတ်ဖြင့် လိုက်လံပစ်ခတ် လုပ်ကြံခံခဲ့ရသည်။

“နှစ်နိုင်ငံဆက်ဆံရေးဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမယ်။ ဘယ်လိုအဖွဲ့က လုပ်တာလဲ၊ နောက် ကွယ်က ဘယ်သူတွေ ပါတာလဲဆိုတာကို နှစ်နိုင်ငံလွှတ်တော်ကော်မတီနှစ်ခု ပေါင်းလုပ်သွားမှာ။ ဒီဟာ က လွှတ်တော်က ကိုယ်တိုင်လုပ်နိုင်တယ်”ဟု ဦးညွန့်ဝေက ပြောသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ပါလီမန်များအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒေသတွင်း လွှတ်တော် အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်သောကြောင့် ယင်းကိစ္စကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအနေဖြင့် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသံရုံး ကို မလေးရှားရဲချုပ်ရုံးဖြင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားကာ လက်ရှိတွင် သံရုံးမှ ဆောင်ရွက် နေသည်ဟု သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

“မြန်မာနိုင်ငံက မလေးရှားရဲ့ အချုပ်အခြာအာဏာကို သွားပြီး ထိပါးလို့မရပါဘူး။ သူတို့ဆီကလည်း အခု ဖြစ်တာက အမတ်တစ်ဦးဆိုတာကို သိတဲ့အတွက် သူတို့နိုင်ငံပုံရိပ် မထိခိုက်အောင်လို့တော့ ဆောင်ရွက် ပေးနေတယ်”ဟု ၎င်းက ပြောသည်။

မြန်မာလွှတ်တော်အနေဖြင့် နှစ်နိုင်ငံလွှတ်တော်အကြား ယင်းကိစ္စအပေါ် အစိုးရမှ ဆောင်ရွက်နိုင်မှုရှိရေး အတွက်အကြောင်းကြားနိုင်မည့်အဆင့်တွင်သာ ရှိနိုင်ပြီး စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ အစိုးရမှသာလျှင် ပြစ်မှုဆိုင်ရာများနှင့်ပတ်သက်၍ ဖြေရှင်းပေးနိုင်မည့် အဆင့်တွင်ရှိသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။

အဆိုပါလုပ်ကြံခံရမှုတွင် သေနတ်ဖြင့် စုစုပေါင်း ငါးချက်အပစ်ခံရခြင်းဖြစ်ပြီး ကားတံခါးကို သုံးချက်၊ နောက်ဖုံးမှာ နှစ်ချက် ထိမှန်ကာ ကားတွင်းပါရှိသူများမှာ ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

Mizzima - News in Burmese

No comments:

Post a Comment