Wednesday, February 26, 2014

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့်ပုဒ်မ ၂၉၅ (က) ဖြင့် ရဟန်းအချို့အား နေ့စဉ်အရေးယူနေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရ

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က) ဖြင့် ရဟန်း အချို့အား နေ့စဉ် အရေးယူမှုပြုလုပ်နေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။


ရဟန်းအချို့မှာ အရက်မူး၊ တောင်းရမ်းအလှူခံမှုများကို အများဆုံးပြုလုပ်နေပြီး အခြားကျင့်ဝတ်နှင့် ညီညွတ်မှု မရှိသော လုပ်ရပ်အချို့ကြောင့် နေ့စဉ်သတင်းပေးချက်များအရ မြို့နယ်သံဃနာယကနှင့် ခရိုင်သံဃနာယက အဖွဲ့များက စစ်ဆေးမေးမြန်းကာ အရေးယူမှုများကို ပြုလုပ်နေရသည်ဟု သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင့်အောင်ထွန်းက ပြောကြားသည်။

"သတင်းပေးတဲ့သူတွေကပြောလို့ ဖြစ်တဲ့မြို့နယ်က တာဝန်ရှိသူတွေကစစ်လိုက်ရင် နေရပ်လိပ်စာအတိအကျ မရှိဘူး။ အဓိကဖြစ်တာက အရက်မူးနေတာ။ နောက်တစ်ခုက တောင်းရမ်းစားသောက်နေတာတွေ။ အဲဒါ အထဲမှာကျောင်းရှိပြီး ၀ါငယ်တဲ့သူတွေလည်းပါတယ်"ဟု ဦးတင့်အောင်ထွန်းက ဆိုသည်။

တစ်တိုင်းပြည်လုံးတွင် နေ့စဉ်နီးပါး ဖြစ်ပွားနေမှုကြောင့် အသေးစိတ်ကိုမူ ပြောကြားရန် အခက်အခဲ ရှိနေသော်လည်း နေ့စဉ်ဖြစ်ပွားပြီး အရေးယူကာ ထောင်ချမှုများပင်ရှိနေသည်မှာ မှန်ကန်ကြောင်း ဦးတင့်အောင်ထွန်း က အတည်ပြုပြောကြားသည်။

ယင်းသို့ အရေးယူစစ်ဆေးမေးမြန်းရာတွင် မြို့နယ်သံဃနာယက၊ ခရိုင်သံဃနာယကအပြင် သံဃာတော်များ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သံဃတော်ကြီးများကိုပင့်ဖိတ်ကာ ဆောင်ရွက်နေကြောင်း သိရသည်။

သာသနာရေးဝန်ကြီးဌာနမှ နေ့စဉ်အရေးယူနေရသော ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က) ပါရှိသော ပြစ်ဒဏ်များ အရ "ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် နေထိုင်သော လူတစ်စား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်မသမာသောအကြံဖြင့် မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌန်ဖြင့်ဖြစ်စေ၊ လူတစ်စားကိုးကွယ်သည့် ဘာသာသာသနာကိုသော်လည်းကောင်း၊ ဘာသာ သာသ နာရေး ယုံကြည်မှုကိုသော်လည်းကောင်း၊ စော်ကားလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်"ဟု ပါရှိသည်။

Eleven Media Group

No comments:

Post a Comment