Sunday, March 16, 2014

မိတ္ထီလာမြို့မ ဈေးပတ်လည် သုံးတန် အထက်ယာဉ် ဝင်ခွင့် ပိတ်မည်

မိတ္ထီလာမြို့မ ဈေးကြီး၏ ဈေးပတ်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးနှင့် မီးဘေးအန္တာရယ် ကင်း ရှင်းရေး တို့ အတွက် မတ်လ ၂၀ ရက်နေ့မှစ၍ သုံးတန်နှင့် သုံးတန်အထက် ကုန်တင်ယာဉ်များ ယာဉ်ဝင်ခွင့် ပိတ်မည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် ယာဉ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူး ရုံး၌ ဖေဖော်ဝါရီလ ၂၁ ရက်က မြို့တွင်း ပြေးဆွဲလျက် ရှိသည့် ဂိတ်များမှ ဂိတ်မှူးများ၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး ဈေးပတ်လမ်းရှိ ကုန်တင်ကုန်ချ ဂိတ်များကိုလည်း နေရာ ရွှေ့ပြောင်းပေးရန် အသိပေးထားပြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယာဉ်ရပ်နားရန် အခက်အခဲ ရှိသည့် ဂိတ်များအတွက် ဈေးအရှေ့ပြင်ရပ်ရှိ ရတနာ သင်းကျစ် ဘုရားဝင်း အတွင်း ကုန်တင်ကုန်ချခွင့် ပေးထားကြောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။

ယင်းသို့ ယာဉ်ရပ်နားရန် နေရာ ပြောင်းလဲခဲ့ခြင်းကြောင့် လေးလံသည့် ကုန်စည်များ သယ်ယူရန် အခက်တွေ့ မည် ထင်ကြောင်း၊ လက်ရှိ ဂိတ်များမှာ ဈေးနှင့် နီးသောကြောင့် ဝန်လေးသည့် ကုန်စည်များကို ဂိတ်ပိုင် လက်တွန်းလှည်းဖြင့် ပို့ဆောင်ခဲ့ရာမှ နောင်တွင် သုံးဘီး မော်တော် ဆိုင်ကယ်များကို ငှားရမ်း အသုံးပြုရမည် ဖြစ်သောကြောင့် လုပ်အားခ ဆုံးရှုံးနိုင်ကြောင်း ယင်းဈေးကြီး၏ ကုန်တင်ကုန်ချ လုပ်သားခေါင်းဆောင် ဦးမင်းက သုံးသပ်သည်။ 

မိတ္ထီလာမြို့မ ဈေးပတ်လည်၏ တောင်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းကို တစ်လမ်းမောင်း သတ်မှတ် ထားသော်လည်း လမ်းကျဉ်းခြင်း၊ လမ်းဧရိယာထိ ဈေးဆိုင်ခင်းထားခြင်း၊ သုံးဘီး ဆိုင်ကယ်များနှင့် ဆိုင်ကယ် ကယ်ရီများ စည်းကမ်းမဲ့ ရပ်နားခြင်း တို့ကြောင့် အစဉ်ယာဉ်ကြော ပိတ်ဆို့ရာ နေရာဖြစ်ကြောင်း မြို့ခံများ ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment