Monday, March 17, 2014

ကျန်းမာရေး၊ အိမ်ရာစီမံကိန်း အပါအဝင် ခံစားခွင့် ခြောက်မျိုးပါ လူမှုဖူလုံရေး စနစ်သစ် ဧပြီတွင် စမည်

ကျန်းမာရေး၊ အိမ်ရာစီမံကိန်း အပါအဝင် အာမခံစနစ် ခြောက်မျိုး ပါဝင်သော လူမှုဖူလုံရေး အာမခံ စနစ်သစ် ကို ဧပြီလ ၁ ရက်နေ့တွင် စတင် ကျင့်သုံးမည် ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ရုံးချုပ် ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင် က ပြောကြားသည်။

လူမှုဖူလုံရေး စနစ်သစ်တွင် ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်၊ မိသားစု ထောက်ပံ့မှု အာမခံစနစ်၊ အလုပ် လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုး အာမခံစနစ်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် စနစ်၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်၊ အခြား လူမှုဖူလုံရေး အာမခံစနစ် (အိမ်ရာစီမံကိန်း) တို့ ပါဝင်သည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေကို စတင် ကျင့်သုံးရန် နည်းဥပဒေကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်ပြီး အာမခံစနစ် ခြောက်မျိုးအနက် ကျန်းမာရေး၊ မိသားစု ထောက်ပံ့မှု၊ အလုပ်တွင် ထိခိုက်မှု အာမခံစနစ် သုံးခုကို စတင် ကျင့်သုံးမည် ဖြစ်ကြောင်း ဦးယုလွင်အောင်က ဆိုသည်။

ယခုအချိန်ထိ ကျင့်သုံးနေသည့် လူမှုဖူလုံရေး စနစ်တွင် ကျန်းမာရေးနှင့် လုပ်ငန်းခွင် ထိခိုက်မှု အာမခံ နှစ်မျိုး ပါဝင်ပြီး လစာ အနည်းဆုံး ကျပ်သုံးထောင်မှ အမြင့်ဆုံး ကျပ် ၃၁,၀၀၀ အတွင်း သတ်မှတ်ကာ လူမှုဖူလုံရေး ထည့်ဝင်ကြေး နှုန်းထားများကို သတ်မှတ်ခဲ့သဖြင့် အကျိုးခံစားခွင့် များတွင် နည်းပါးခဲ့သည်။

စနစ်သစ်တွင် အစိုးရ ဝန်ထမ်းများ ရရှိနေသည့် အနိမ့်ဆုံး လစာနှင့် အမြင့်ဆုံး ကျပ် သုံးသိန်းဝန်းကျင် အပေါ် မူတည်ကာ နှုန်းထား တစ်ရပ်ဖြင့် ကောက်ယူမည် ဖြစ်သဖြင့် အကျိုးခံစားခွင့် များလည်း ကောင်းမွန်မည် ဖြစ်ပြီး အာမခံ အမျိုးအစား လေးခုကိုလည်း ထပ်တိုးထားကြောင်း ၎င်းကဆိုသည်။ 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် လုပ်သားများ ဆေးကုရာတွင် လူမှုဖူလုံရေး ဆေးရုံများအပြင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ တွင်လည်း ဆေးကုသခွင့် ရရှိမည် ဖြစ်ပြီး လူမှုဖူလုံရေး ဆေးရုံ ဆေးခန်းများ ကိုလည်း အဆင့်မြှင့်ကာ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းအပြင် ပင်စင်ခံစားခွင့်၊ အိမ်ပိုင်ဆိုင်ခွင့် အခွင့်အရေးများ ကိုပါ ရရှိလာမည် ဖြစ်ကြောင်း ဦးယုလွင်အောင်က ထပ်မံ ပြောကြားသည်။

လူမှုဖူလုံရေး စနစ်သစ်တွင် ယခု အသုံးပြုနေသည့် စက္ကူကတ်အစား ကွန်ပျူတာ စနစ်ဖြင့် အသုံးပြုမည့် Smart Card စနစ်ကို ပြောင်းလဲ သုံးစွဲမည် ဖြစ်ကြောင်း လူမှုဖူလုံရေး အဖွဲ့ထံမှ သိရှိရသည်။

လူစိတ်ဝင်စားမှု များပြားနိုင်သည့် လူမှုဖူလုံရေး အိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ အသေးစိတ် ကိစ္စများကို ဆွေးနွေးဆဲ ဖြစ်ပြီး တစ်လ လုပ်အားခ၏ ၂၅ ရာခိုင်နှုန်းကို ၁၅ နှစ်နှင့်အထက် ပေးသွင်းထားလျှင် လူမှုဖူလုံရေး အိမ်ရာ စီမံကိန်းများတွင် နေထိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း ဦးယုလွင်အောင်က ဆိုသည်။

“(အိမ်ရာ တန်ဖိုးရဲ့) ၃၅ ရာခိုင်နှုန်း သွင်းပြီးရင် နေထိုင်ခွင့်ရအောင် ကြိုးစားပေးသွားမယ်။ အိမ်ငှားခလည်း ပေးရတယ်။ ဒီလိုလည်း ၂၅ ရာခိုင်နှုန်း သွင်းရမယ် ဆိုရင် သူတို့မှာ စားစရာ မရှိတော့ဘူး” ဟု ၎င်းကဆို သည်။

လူမှုဖူလုံရေး စနစ်သစ်တွင် ထည့်ဝင်သည့် ကာလအလိုက် ခံစားခွင့်များ တိုးမြင့်လာမည် ဖြစ်ပြီး စနစ်သစ် တွင် ထည့်ဝင်ကြေး ရာခိုင်နှုန်းမှာလည်း အနည်းငယ် မြှင့်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

လက်ရှိတွင် လူမှုဖူလုံရေး ဆေးရုံ၊ ဆေးခန်းများ နည်းပါးခြင်း၊ ဆေးဝါး မလုံလောက်ခြင်း၊ လူမှုဖူလုံရေး ဆေးခန်းများနှင့် အလှမ်းဝေးခြင်း စသည့် ပြဿနာများကြောင့် လုပ်သား အများစုမှာ ပုဂ္ဂလိက ဆေးခန်းများကို အားကိုးနေရကြောင်း လုပ်သားများက ပြောဆိုကြသည်။

လူမှုဖူလုံရေး ဥပဒေကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးခဲ့သည်။

The Voice Weekly

No comments:

Post a Comment