Monday, March 17, 2014

လက်ပံတောင်းတောင် စီမံကိန်းအား မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စနစ်တကျ စီမံခန့်ခွဲနိုင်မှု မရှိကြောင်း ESIA အစီရင်ခံစာတွင် ဖော်ပြ

စတင်ထုတ်လုပ်သည့်အချိန်မှ မိုင်းပိတ်သိမ်းချိန်အထိ ဆိုးကျိုးများစွာ ကြုံတွေ့နိုင်ပြီး စီမံကိန်းမှ ထွက်ပေါ် လာသည့် စွန့်ပစ်ကျောက် တစ်ဘီလျံတန်မှ အလွန်အမင်း ဆိုးရွားသော အန္တရာယ် ဖြစ်ပေါ်လာစေနိုင်သော လက်ပံတောင်းတောင်စီမံကိန်းအား လုပ်ဆောင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေနှင့် စနစ်တကျ စီမံခန့်ခွဲနိုင်မှု မရှိကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် Knight Pie'sold-KP က ရေးသားထားသည့် ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ (ESIA) တွင် ရေးသားဖော်ပြထားသည်။

“ကုမ္ပဏီကလည်း မလုပ်နိုင်ဘူး။ အစိုးရကရော လုပ်နိုင်ပါ့မလား။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သတ္တုတွင်း ၀န်ကြီးဌာနရော၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနကပါ လုပ်နိုင်တဲ့ Capacity မရှိဘူး။ ကုမ္ပဏီကလည်း မလုပ်နိုင်ဘူး။ အစိုးရကလည်း မလုပ်နိုင်ဘူးဆိုရင် ဒီလောက်ကြီးတဲ့ အန္တရာယ်ကြီးကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မလဲ” ဟု Eco-Dev မှ ဦးဝင်းမျိုးသူက ပြောကြားသည်။

မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်ကိုင်နေသည့် လက်ပံတောင်းေ တာင် ကြေးနီသတ္တုတူးဖော်ခြင်း လုပ်ငန်းတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီက စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း မရှိသည့်အတွက် ဖြစ်ပေါ်နေသည့် သက်ရောက်မှုများကို သင့်တော်သည့် အစိုးရအဖွဲ့အစည်းမှနေ၍ ကြီးကြပ်ထိန်းကျောင်းပြီး ရေရှည်တွင် ပတ်ဝန်းကျင်ကောင်းများကို ထိန်းထားနိုင်ရန်အတွက် ဆောင်ရွက်ရန် လိုအပ်နေကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း၏ အဓိက ဆိုးကျိုးများအနက် စွန့်ပစ်ကျောက်များမှ ထွက်ပေါ် လာသည့် အက်စစ်ပျော်ရည်သည် စီမံကိန်းဧရိယာ၏ မြေပေါ်နှင့် မြေအောက်ရေတို့အား အလွန် အမင်း ဆိုးရွားသောအန္တရာယ် ဖြစ်လာစေနိုင်ကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် Knight Pie'sold-KP က ရေးသားထားသည့် ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ (ESIA) အရ သိရသည်။

စီမံကိန်းမှ မိုင်းသက်တမ်းနှစ် (၃၀) အတွင်း ခန့်မှန်းတန်ချိန် တစ်ဘီလျံ ကြေးနီများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စွန့်ပစ်ကျောက်များ ဖယ်ရှားမှု အချိုး ၀ ဒသမ ၉၉ အရ စွန့်ပစ်ကျောက် တစ်ဘီလျံတန် ထွက်ရှိလာ မည်ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီသတ္တု တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏  စွန့်ပစ်ကျောက်များမှ ဖြစ်ပေါ်လာသော သတ္တုဓာတ်ပါသည့် အက်စစ်ပျော်ရည်သည် စီမံကိန်းဧရိယာ၏ မြေပေါ်နှင့်မြေအောက်ရေတို့အား ပတ်ဝန်းကျင်ဆိုင်ရာ အလွန်အမင်းဆိုးဝါးသော အန္တရာယ်တစ်ခု ဖြစ်စေနိုင်သည်။

၎င်းအပြင် စီမံကိန်းဧရိယာမှ ထွက်ရှိလာနိုင်ဖွယ်ရှိသော ရေသည်လည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း ယင်း အစီရင် ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် စွန့်ပစ်ကျောက်တုံးပုံတွင် စွန့်ပစ်မည့် ကျောက်တုံးများကို ဘူမိဓာတု အရည်အသွေး စစ်ဆေးရာ၌ စစ်ဆေးသည့် ကျောက်တုံးများ၏ ၇၁ ရာခိုင်နှုန်းသည် ရေ၊ လေ တို့နှင့် ထိတွေ့ပါက အက်စစ်ရေများကို ဖြစ်စေနိုင်ပြီး ၁၈ ရာခိုင်နှုန်းသည် အခြားဓာတ်သတ္တုများ ပါဝင်သည်ကို တွေ့ရှိရကြောင်းနှင့် အဆိုပါကျောက်တုံးများနှင့် ထိတွေ့သည့်ရေတွင် အက်စစ်ဓာတ် များလာသည်နှင့်အမျှ သတ္တုမော်လီကျုများ ပိုမိုဖျော်ထုတ်လာနိုင်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment