Monday, March 24, 2014

ခွဲတမ်းရပ်နားထားသည့် GSM ဆင်းမ်ကတ် ပြန်ရောင်းမည်

မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်းကျပ်မှုများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရောင်းချပေးမှု ရပ်နားထားခဲ့သည့် တန်ဖိုးနည်း GSM မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို မတ်လတွင် ပြန် လည် ရောင်း ချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (မန္တလေးတိုင်းဒေသကြီး) ထုတ်ပြန်ချက်များအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် GSM ဆင်းမ်ကတ် အပါအဝင် ဆင်းမ်ကတ်ပေါင်း ၅၅,၃၀၀ ကျော် ရောင်း ချပေးမည် ဖြစ်ပြီး ပင်စင်စားများအတွက် WCDMA ဆင်းမ်ကတ် ၅၃၀၀၊ အများပြည်သူအတွက် CDMA ဆင်းမ်ကတ် ၄၂,၀၀၀၊ GSM ဆင်းမ်ကတ် ၈၀၀၀ ခန့်ကို မတ်လ ၂၄ ရက်နေ့တွင် ရောင်းချပေး
မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်များအရ ထပ်မံသိရသည်။

လက်ရှိတွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်နေဆဲ ဖြစ်သဖြင့် အသုံးများသည့် ဧရိယာတွင် ဖုန်းလိုင်း ကျပ်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ရပ်ကွက်ကိုတော့ ဘာမှမပြောသေးဘူး။ ဘယ်နေ့ ရောင်းပေးရမယ် ဆိုတာလဲ မသိသေးဘူး” ဟု အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။

မန္တလေးမြို့တော်တွင် တန်ဖိုးနည်း GSM နှင့် WCDMA ဆင်းမ်ကတ် ပြင်ပပေါက်ဈေး ကျပ်တစ်သိန်း ဝန်းကျင်ခန့် ရှိပြီး ဖုန်းနံပါတ်ပေါ် မူတည်ကာ ဈေးပိုကြောင်း ဖုန်းဆင်းမ်ကတ် အရောင်းဆိုင်များထံမှ စုံစမ်း သိရှိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းကတ် စုစုပေါင်း ၄၁ သန်းကျော် ရောင်းချပေးထားပြီး လက်ရှိ မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း အလုံးပေါင်း ခုနစ်သန်းကျော် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။


The Voice Weekly

No comments:

Post a Comment