Saturday, April 19, 2014

နေ့အပူချိန် မြင့်တက်နေခြင်းကြောင့် မေလအကုန်အထိ မိုးတိမ်တောင် အန္တရာယ် သတိပြုရန်လိုဟုဆို


 
 နေ့အပူချိန်များ မြင့်တက် နေခြင်းကြောင့် မိုးကြိုကာလတွင် တိုင်းဒေသကြီး အချို့၌ လေထု မငြိမ်မသက် ဖြစ်ပြီး မိုးတိမ်တောင်နှင့် စိုက်ဆင်းလေပြင်း တိုက်ခတ်မည့် အန္တရာယ်ကို မေလ နောက် ဆုံးပတ် အထိ အထူးသတိထားရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီ ဧပြီလ ၁၅ ရက်နေ့မှ မေလအကုန်ထိ ရန်ကုန်တိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် စသည့် ဒေသများတွင် မိုးတိမ်တောင်များ အဖြစ်များပြီး နေ့အပူချိန်များလည်း ဆက်လက် မြင့်တက်နိုင်ဖွယ် ရှိကြောင်း ၎င်းက သတိပေး ပြော ဆိုသည်။

မိုးတိမ်တောင်များသည် မွန်းလွဲနှင့် ညနေပိုင်းတွင် အဖြစ်များပြီး မိုးခြိမ်း၍ လျှပ်စီးလက်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည်တို့ ဖြစ်ပေါ်ခြင်းကြောင့် အန္တရာယ် ရှိကြောင်း ဦးထွန်းလွင်က ဆက်လက်ပြောဆိုသည်။
“မေလဆန်းအထိ နေ့အပူချိန်တွေ ပိုနိုင်တဲ့အပြင် ဘင်္ဂလား ပင်လယ်အော်မှာလည်း မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းချက် ထုတ်ထားတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဧပြီလ တတိယအပတ်မှ မေလအကုန် (မိုးကြိုကာလ) အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းမည် ဖြစ်ကြောင်း အဆိုပါဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

The Voice

No comments:

Post a Comment