Tuesday, April 22, 2014

လှည်းတန်း ခုံးကျော်တံတား အဆင်းတွင် လုယက်မှုဖြစ်



ကမာရွတ်မြို့နယ် လှည်းတန်း ခုံးကျော်တံတားအဆင်း တက္ကသိုလ်ဝင်ပေါက် အနီး အငှားယာဉ်ပေါ်တွင် ဧပြီလ ၂၀ ရက် ည ၉ နာရီခန့်က ခရီးသည်အဖြစ် စီးနင်းလိုက်ပါလာသော လူငယ်လေးဦးက ယာဉ်မောင်းကို ဓားထောက် လုယက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။
အသက် ၃၃ နှစ်အရွယ် ကိုဇော်ဇော်လွင်၏ နစ်ဆန်းအငှားယာဉ်ကို ယင်းနေ့ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၄ လမ်းထိပ်မှ အသက် ၂၀ ဝန်းကျင်ခန့်ရှိ လူငယ်လေးဦးက လှည်းတန်းသို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ယာဉ်မောင်းက လိုက်လံပို့ဆောင်စဉ် ယာဉ်နောက်ခန်းတွင် ထိုင်နေသော လူငယ်တစ်ဦးက ယာဉ်မောင်း၏ လည်ပင်းကို သိုင်းဖက်ကာ ဓားထောက် လုယက်ခဲ့ကြောင်း
ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ခရီးသည် အယောင်ဆောင်သော လူငယ်က ဓားထောက် လုယက်စဉ် ယာဉ်မောင်းက ပြန်လည် ခုခံသောကြောင့် ဦးခေါင်း နောက်စေ့ဘက်တွင် ဓားဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကျန်လူငယ်သုံးဦးက ယာဉ်မောင်းကို ဝိုင်းရိုက်ပြီး မိုးကာအင်္ကျီဖြင့် လက်နှစ်ဖက်ကို ချည်နှောင်၍ ယာဉ်နောက်ခန်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ လူငယ်အဖွဲ့ထဲမှ တစ်ဦးက အင်းလျားလမ်းအတိုင်း ယာဉ်ကို မောင်းနှင်ကာ သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာအနီး ရတနာအိမ်ရာ ၄ လမ်းတွင် ယာဉ်ကိုရပ်ပြီး ယာဉ်မောင်း၏ ပိုက်ဆံအိတ်ကို လုယူပြီး ယာဉ်မောင်းကို ယာဉ်ပေါ်မှ ဆွဲချကာ အငှားယာဉ်ကို မောင်းနှင် ထွက်ပြေးခဲ့ကြောင်း အထက်ပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။
“ယာဉ်အမျိုးအစားနဲ့ နံပါတ်ရယ်၊ လုယက်သွားတဲ့ လူငယ်တွေရဲ့ ပုံပန်းသဏ္ဌာန်တွေရယ်ကို မြို့ဝင်ဂိတ်တွေနဲ့ ရဲစခန်းတွေကို ပေးပို့ထားတယ်။ ယာဉ်မောင်းရဲ့ ဒဏ်ရာ အခြေအနေကတော့ စိုးရိမ်စရာ မရှိပါဘူး” ဟု ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အငှားယာဉ်မောင်းများ လုယက်ခံရမှု မကြာခဏ ဖြစ်ပွားလျက်ရှိပြီး အဆိုပါ လုယက်မှု ဖြစ်စဉ်အများစုကို ဖော်ထုတ်ဖမ်းမိမှု နည်းကြောင်း အဆိုပါ လုယက်မှုများအရ သိရသည်။
“ညဘက် ကားမောင်းရတာ ယာဉ်ကြောရှင်းပြီး ပိုက်ဆံပိုရတယ် ဆိုပေမယ့် တက္ကစီသမားတွေ လုယက်ခံရမှု ခဏခဏ ကြားနေရလို့ မြို့စွန်နေရာမျိုး ကားငှားရင် မလိုက်ရဲဘူး။ လိုက်ဖြစ်ရင်လည်း ဒီခေတ်ကြီးထဲမှာ လုယက်မှုတွေ ပေါလာတော့ အသက်လုံခြုံရေးအတွက် တက္ကစီ နောက်တစ်စီးကို ရတဲ့ကားခထဲက တစ်ဝက်ခွဲပေးပြီး ကိုယ့်ကားနောက်က လိုက်ခဲ့ဖို့ ခေါ်သွားရတယ်” ဟု လှိုင်မြို့နယ် အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ အငှားယာဉ်မောင်း ဦးမြင့်အောင်က ပြောဆိုသည်။
အဆိုပါ ခရီးသည် အယောင်ဆောင် လူငယ်များက ယာဉ်မောင်း၏ ယာဉ်နှင့်အတူ ငွေကျပ်သုံးသောင်း၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို လုယက်ခဲ့မှုကြောင့် ကမာရွတ်မြို့မ ရဲစခန်းမှ (ပ) ၁၈၅၊ ၁၄၊ ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment