Wednesday, May 28, 2014

ရွေးကောက်ပွဲ နည်းဥပဒေကြမ်းတွင် လေ့လာစောင့်ကြည့်ရေး အချက်များ ထည့်သွင်းသင့်ဟု ပါတီအချို့ပြော

ရွေးကောက်ပွဲများတွင် ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ လေ့လာခွင့်နှင့် ပတ်သက်၍ သီးသန့်ညွှန်ကြားချက် ထုတ်ပြန်ခြင်းထက် ပြင်ဆင်ရေး ဆွဲထားသည့် ရွေးကောက်ပွဲနည်းဥပဒေမူကြမ်းတွင် တိတိကျကျ ထည့်သွင်းဖော်ပြမှသာ ပိုခိုင်မာသည်ဟု နိုင်ငံရေးပါတီအချို့က ပြောဆိုလိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ပြင်ဆင်ရေးဆွဲထားသည့် ရွေးကောက်ပွဲနည်းဥပဒေတွင် မူလ က ရွေးကောက်ပွဲများ၌ ကြိုတင်မဲရေတွက်သည့် အခါတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့် သူများအပြင် ပြည်တွင်းပြည်ပအရပ်ဘက် လူ့အဖွဲ့စည်းများကိုပါ မဲရေတွက်ချိန် ကြည့်ရှုလေ့လာနိုင်ရန် အချက်ကို ထည့် သွင်းထားသည်ဟု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ ဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆို ထားသည်။

သို့သော် ပြင်ဆင်ရေးဆွဲပြီးသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေပါအချက်များ နှင့်ပတ်သက်ပြီး လိုအပ် ချက်နှင့် ဖြည့်စွက်ချက်များ အကြံပြုနိုင်ရန် နိုင်ငံရေးပါတီများသို့ ဖြန့်ဝေထားရာတွင် ယင်းအချက်များ တိကျ စွာ ဖော်ပြထားခြင်းမရှိဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “ နည်းဥပဒေထဲ မှာ ထည့်ထားမှ ပိုခိုင် မယ်။ ပိုကောင်းမယ်။ နီးမှထုတ်ပြန်တဲ့အခါကျတော့ သူတို့ လုပ်ချင်တာကိုပဲလုပ်ပြီး ညှိနှိုင်းလို့မရနိုင်တာ တွေ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ဖြန့်ဝေထားသည့် ရွေးကောက်ပွဲနည်း ဥပဒေကြမ်းတွင် ဆန္ဒမဲစတင်ပေးချိန်မှ ဆန္ဒမဲပေးခြင်း ပြီးဆုံးသည့် အချိန်အထိ စောင့်ကြည့်လေ့လာသူများအတွက် သီးသန့်ဖွင့်ဆို ပြဋ္ဌာန်းထားမှုမရှိပေ။

“လေ့လာစောင့်ကြည့်ချင်တဲ့အဖွဲ့တွေကို နိုင်ငံတကာကရော ပြည်တွင်းကအဖွဲ့ တွေကိုပါ ဖိတ်ဖို့ကို ကော် မရှင်က အခု တိုက်ရိုက်ဆောင်ရွက်ပါမယ်။ နည်းဥပဒေ ထဲမှာမပါတာမဟုတ်ပါဘူး။နောက်ပိုင်းမှ အမိန့် ညွန်ကြားလွှာအနေနဲ့ ထုတ်ပြန်မှာပါ” ဟု ဦးသောင်းလှိုင်က မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲမကျင်းပမီ သုံးလအတွင်း ပြည်တွင်းပြည်ပမှ လေ့လာစောင့် ကြည့်ရေးအဖွဲ့ ဖိတ်ကြားရန်နှင့် ၎င်းတို့အတွက် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို ရေး ဆွဲ ပြင်ဆင် နေ သကဲ့သို့ နိုင်ငံရေးပါတီများ၏အကြံပြုချက်များကို တောင်းခံထားသည်။

လေ့လာစောင့်ကြည့်သူများ၏ အခန်းကဏ္ဍကို နည်းဥပဒေအတွင်း အတိအကျ မပါမှုနှင့်ပတ်သက်ပြီး အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က “အမိန့်ညွှန်ကြားလွှာထက် နည်း ဥပဒေမှာ အတိအကျပါသင့်တယ်။ အမိန့်ညွှန်ကြားလွှာနဲ့ဆိုရင် ကိုယ်လုပ်ချင်တဲ့ အဖွဲ့တွေပဲခေါ်တာ ဖြစ် နိုင်တယ်။ နည်း ဥပဒေမှာပါမှ ဖွဲ့စည်းပုံနဲ့မကိုက်ဘူးဆိုရင်လည်း လွှတ်တော်မှာ ပြင်ဆင်နိုင်တယ်” ဟု ပြောသည်။

မေလပထမပတ်အတွင်း နိုင်ငံရေး ပါတီများသို့ ဖြန့်ဝေးထားသည့် ရွေးကောက် ပွဲနည်းဥပဒေကြမ်းအတွက် ပါတီများ၏ အကြံပြုချက်များကို မေလနောက်ဆုံးထား လက်ခံသွားမည်ဖြစ်သည်။ ကော်မရှင်က လက်ခံနိုင် သည့်အချက်များရှိသလို လက်မခံနိုင်သည့်အချက်များလည်း ပါဝင်ကာ လက်ရှိတွင်ကော်မရှင်သို့ ပါတီသုံးခု မှပေးပို့သည့် အကြံပြုစာများ ရောက်ရှိနေပြီဟု ဦးသောင်းလှိုင်က ဆိုသည်။

Mizzima

No comments:

Post a Comment