Friday, May 16, 2014

တစ်မိုင် ကျပ်သန်း ၂၅၀၀ အကုန်အကျ ခံခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်း စံချိန်စံညွှန်း မမီဟု အစိုးရအဖွဲ့ ဝန်ခံ

၃၆၇ မိုင် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းသည် တစ်မိုင်လျှင် ကျပ်သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ်ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးတို့က ဝန်ခံ ပြောကြားလိုက်သည်။

ယာဉ်မတော်တဆမှုကြောင့် ခရီးသွားပြည်သူ ၃၆၇ ဦး သေဆုံးခဲ့သော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် မေလ ၁၂ ရက်နေ့က ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်၍ နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမြန်လမ်း မဟုတ်တော့ဘူး။ ကွန်ကရစ်လမ်းပါ။ ဒီလမ်းကို စံချိန်မီ ဖြစ်စေချင်ပါတယ်။ အစိုးရအဖွဲ့မှာ အမှားတွေ အားနည်းချက်တွေ ရှိနေဆဲပါ။ ပြုပြင်သွားရမှာပါ” ဟု ဝန်ကြီး ဦးသန်းဌေးက ဆိုသည်။
အဆိုပါလမ်းသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ညီညွှတ်မှု မရှိသည့်အပြင် လက်ရှိ စံချိန်စံညွှန်း၏ အတိုင်းအတာကိုလည်း ပြောကြား၍ မရနိုင်ကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်က ထပ်လောင်း ပြောကြားသည်။
ထို့ကြောင့် နိုင်ငံတကာ စံချိန်စံညွန်းများ မှီစေနိုင်ရန် အမေရိကန်အစိုးရ၏ အကူအညီဖြင့် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သော်လည်း မည်သည့်အချိန်တွင် ပြီးစီးအောင် လုပ်နိုင်မည်ကို ခန့်မှန်းမရသေးကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် နိုင်ငံတကာ စံချိန်စံညွန်း မမီသော်လည်း ဖွင့်လှစ်လိုက်သည့် ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် လမ်းအရည်အသွေးကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်းသာ မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း အစိုးရအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မေလ ၁၂ ရက်နေ့ ည ၇ နာရီ ၂၀ ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် အမှတ် ၁၉၇ တွင် ဖြစ်ပွားခဲ့သော ရာဇာမင်း ခရီးသည်တင် အမြန်ယာဉ် တိမ်းမှောက်မှုကြောင့် ၁၄ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ရာ ယင်းယာဉ်လိုင်းကို မဆင်မခြင် မောင်းနှင်ခြင်းနှင့် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရာတွင် စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် နေပြည်တော် ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့က ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်ကို မေလ ၁၅ ရက်နေ့မှ ရပ်ဆိုင်းခဲ့သည်။
“ကားသမားတွေက ခေါက်ပြန် မောင်းနေရတာ။ ရန်ကုန်က မနက်ထွက် နေပြည်တော်က နေလယ် ပြန် ထွက်။ တနင်္ဂနွေဆို တချို့ သုံးခေါက် မောင်းရတယ်” ဟု အဝေးပြေး ယာဉ်မောင်း တစ်ဦးက ပြော ကြားသည်။

၃၆၆ မိုင်ခန့် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးမှာ ရန်ကုန်-နေပြည်တော်လမ်း စတင်ဖွင့်လှစ်ချိန် ၂၀၀၉ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့အထိ ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော် ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၆၇ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀၀ ဦးကျော်အထိ ရှိခဲ့သဖြင့် အမြန်သေလမ်းမကြီးဟု ပြော ဆို ဝေဖန်ခဲ့သည်ကို ထောက်ရှုရလျှင် အမြန်လမ်းကို တာဝန်ယူ တည်ဆောက်ခဲ့သည့် ကုမ္ပဏီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေနှင့် ရှက်မည်ဆိုလျှင် ရှက်သင့်ပြီ ဖြစ်ပါကြောင်း တောင်ငူမြို့ခံ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက သုံးသပ် ပြောကြားသည်။

လမ်းတည်ဆောက်မှုအတွက် ကျွမ်းကျင် ပညာရှင်များကို အသုံးပြု၍ အမှန်တစ်ကယ် အရည်အသွေး ပြည့်ဝသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း သေချာသည့် သက်သေ သာဓကကို မတွေ့ရသေးကြောင်း လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးအဖြစ် ၁၅ နှစ်နီးပါး လုပ်သက်ရှိသူ တောင်ငူမြို့ခံ အင်ဂျင်နီယာတစ်ဦးက သုံးသပ် ပြောဆိုသည်။

“ကွန်ကရစ် လမ်းခင်းမယ် ဆိုရင် အောက်ခံမြေသားက အနည်းဆုံး အသား သေလောက်တဲ့ အတိုင်းအတာ ပမာဏလောက် ထားရှိရပါမယ်။ ဒါပေမဲ့ အမြန်လမ်းမကြီးက နှစ်တိုတိုအတွင်း ပြီးစီပြီး နှစ်တိုတိုအတွင်းမှာပဲ ဖြတ်သန်း သွားလာခွင့် ပြုခဲ့တာကို ကျွန်တော် ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment