Wednesday, May 28, 2014

လအလိုက် တာဝါတိုင်လိုအပ်ချက်ကိုကြည့်၍ ကေဒီဒီအိုင်နှင့် မြန်မာ့ဆက်သွယ်ရေး ပူးပေါင်းတည်ဆောက်သွားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)အနေဖြင့် ဂျပန်အခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီ KDDI နှင့်ပူးပေါင်း ပြီး တာဝါတိုင် များကို တည်ဆောက်သွားမည်ဖြစ်ရာ လအလိုက် နေရာလိုအပ်ချက်များအပေါ် မူတည်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက်သွားမည်ဟု MPT မှ မိုဘိုင်း အင်ဂျင်နီယာမှူး ဦးငွေသောင်းက မဇ္ဈိမကို ပြောသည်။
တာဝါတိုင်များ တည်ဆောက်ရာတွင် လိုအပ်နေသည့် မြို့ကြီးများဖြစ်သော ရန်ကုန်၊မန္တလေး၊နေပြည်တော် အပါအ၀င် အခြားမြို့များတွင်လည်း တည်ဆောက်သွားမည်ဖြစ်ကာ KDDI နည်းပညာအကြံ ဉဏ်များ ရ ယူတည်ဆောက်သွားမည်ဖြစ်သည်။ KDDI နှင့် ပူးပေါင်းရေးအတွက်ကိုမူ မေလအကုန်ပိုင်းတွင် လက် မှတ်ရေးထိုးသွားရန် ရှိနေသည်ဟုလည်း ဦးငွေသောင်းက ဆိုသည်။
ဦးငွေသောင်းက “မြန်မာ့ဆက်သွယ်ရေးအနေနဲ့ နောက်လာမယ့် Projectတွေမှာ ဂျပန်အခြေစိုက် ကုမ္ပဏီ KDDI နဲ့ပူးပေါင်းပြီး သူတို့ဆီက နည်းပညာအကြံဉဏ်တွေနဲ့ မြန်မာပညာရှင်တွေက လအလိုက် လိုအပ် တဲ့ နေရာတွေမှာ တာဝါတိုင်တွေ တည်ဆောက်သွားမှာပါ” ဟု ဆိုသည်။
လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအ၀င် တစ်ပြည်လုံးတွင် ဒေသအလိုက် လိုအပ်ချက် ပမာဏကို တွက်ချက်နေပြီး လိုအပ်ချက်များအလိုက် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဟု လည်း ဦးငွေသောင်းက ဆိုသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မြေစိုက်နှင့် အိမ်ခေါင်မိုးစိုက် တာဝါ စုစုပေါင်း ၁၂၀ ခန့်ကို တည်ဆောက်နေပြီး တာဝါတိုင်တည်ဆောက်မှုကို မေလအကုန်ပိုင်းတွင် အပြီးဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
“လက်ရှိအချိန်မှာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ တာဝါ ၁၂၀ ကို တည်ဆောက်နေပြီး မေလကုန်ပိုင်း မှာ တာဝါတည်ဆောက်တာကို အပြီးသတ်ဆောင်ရွက်မှာပါ” ဟု မိုဘိုင်းအင်ဂျင်နီယာမှူး ဦးငွေသောင်းက ပြော သည်။
အဆိုပါတာဝါတိုင်များ တည်ဆောက်ပြီးစီးပါက မိုဘိုင်းဖုန်းလိုင်းများ ချပေးနိုင်ရန် စက်ပစ္စည်းတပ်ဆင်မှုများ ကို နှစ်လအတွင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး တပ်ဆင်ပြီးစီးချိန်တွင် မိုဘိုင်းဖုန်းများ ဆက်လက်ချပေးနိုင် ရန် ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်ပအော်ပရေတာများနှင့် ယှဉ်ပြိုင်ဆောင်ရွက်ရာတွင် ၀န်ဆောင်မှု ကောင်းများပေးနိုင်ရန် ဂျပန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ KDDI နှင့် ပူးပေါင်းကာ နည်းပညာအကြံ ပြုချက်များအပြင် လိုအပ်ပါက ပညာရှင်များကိုပါ ခေါ်ယူလုပ်ဆောင်သွားမည် ဖြစ်သည်။





Mizzima

No comments:

Post a Comment