Tuesday, June 10, 2014

ပုဒ်မ ၄၃၆ ပြင်ရန် ထောက်ခံလက်မှတ် လေးသိန်းနီးပါးရပြီိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းတို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ကောက်ယူမှုမှာ လက်မှတ်ပေါင်း လေးသိန်းနီးပါး ရရှိ နေပြီဖြစ် သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးမြင့်ဌေးက ဇွန်လ ၉ ရက်တွင် မဇ္ဈိမကို ပြော သည်။

“ရန်ကုန်တိုင်းတစ်ခုတည်းမှာကိုပဲ ၁၀ သိန်းနီးပါးရရှိဖို့ ယုံကြည်ထားတယ်။ အဲဒီအတိုင်းဖြစ်အောင် ကြိုးစားနေပါတယ်။ တစ်တိုင်းပြည်လုံးဆိုရင် ၁၆ သန်းလောက်ရမှဖြစ်မှာ” ဟု ဦးမြင့်ဌေးက ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက ဦးတင်ဦးက တစ်တိုင်းပြည်လုံး လက်မှတ် ၁၀ သန်းရရန် ခန့်မှန်းထားပြီး ယခုချိန်တွင် ပိုမိုရရှိနိုင်မည်ဖြစ်သည်ဟု ဦးမြင့်ဌေးက ပြောသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ရေးထိုးကောက်ခံမှုကို NLD ၏ ၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်ဖြစ်သော မေလ ၂၇ ရက်မှ ဇူလိုင် ၁၉ အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်လျက်ရှိသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ရွေ့လျား လက်မှတ်ထိုး ကောက်ခံခြင်းများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဇွန်လ ၁ ရက် မှစတင်လုပ်ဆောင်နေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ရပ်၊ ကျေးရုံးများမရှိ သည့်နေရာ များ နှင့် ကျေးလက် များတွင် ကောက်ခံပေး သွားမည် ဖြစ်သော်လည်း ကျေးလက်နေပြည်သူ များတောင်းဆိုဆက် သွယ်မှသာ သွားရောက်မည်ဖြစ်သည်။ဆက်သွယ်မှုမရှိသော ဒေသများသို့ လက် မှတ်ထိုးကောက်ခံခြင်း များ မပြုလုပ်ကြောင်း နှင့် ထောက်ခံလက်မှတ် အမှန်တကယ် ထိုးချင်သူများက ဆက်သွယ်ခေါ်ယူမှသာ သွားရောက်မည်ဖြစ်ကြောင်း ဆိုသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်က NLD ပါတီ၏ ကြွေးကြော်သံ သုံးချက်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်ဟုပါရှိသည်။ ၂၀၁၃ ခုနှစ်အတွင်း NLD ပါတီမှ အခြေခံဥပဒေ ဆိုင်ရာ ဟောပြောပွဲများကို အောက်တိုဘာလမှ နိုဝင်ဘာလအထိ ပြုလုပ်ခဲ့ပြီး စိတ်ဝင်စားသူ သောင်းချီကာ တက်ရောက် နားထောင်ခဲ့သည်။ ထို့နောက် အခြေခံဥပဒေပြင်ဆင်ရန် လေးပွင့်ဆိုင်တွေ့ဆုံရေးကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ တုံ့ပြန်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် ၂၀၁၄၊ မေလ ၂၇ ရက် မှစတင်ကာ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် လက်မှတ်များ ကောက်ခံနေခြင်းလည်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ပုဒ်မ တချို့သည် ဒီမိုကရေစီနှင့် သွေဖည်နေပြီး အခြေခံဥပဒေကိုပြုပြင်ပြောင်းလဲရာတွင် ကြီးစွာအဟန့် အတားဖြစ်ကာ စစ်အုပ်စုအာဏာတည်မြဲရေးကို ကာကွယ်ပေးနေသော ပြဋ္ဌာန်းချက် ပုဒ်မ ၄၃၆ ကို ပြင် ဆင်ပေးရန် တစ်တိုင်းပြည်လုံး လက်မှတ်ရေးထိုး ကောက်ခံခြင်းကို လုပ်ဆောင်လျက်ရှိသည်။

ရရှိလာသည့် လက်မှတ်များအား သမ္မတ၊ လွှတ်တော်နှင့် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ပေးပို့မည်ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်မူ လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် က ထောက်ခံရမည်ဖြစ်ပြီး မဲပေးနိုင်သူဦးရေ၏ ထက်ဝက်ကျော်က ထောက်ခံ မဲပေး ရမည်ဖြစ်သဖြင့် လွှတ်တော်အတွင်း ပြင်ဆင်ရန်မှာ အလွန်ခက်ခဲသည်ဟု NLD ပါတီ၏ ဥပဒေအထောက် ကူပြု အဖွဲ့မှ ရှေ့နေ ဦးကိုနီက ပြောကြားသည်။

Mizzima

No comments:

Post a Comment