Tuesday, June 10, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့အပေါ် လူထုစစ်တမ်း ကောက်ယူမည့် အစီအစဉ်ပျက်

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြုလုပ်မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့တွင် မည်သူ လူကြိုက်ပိုများကြောင်း စစ်တမ်း ကောက် ယူခြင်းကို ငွေကြေး မလုံလောက်မှုကြောင့် ပြုလုပ်မည် မဟုတ်ကြောင်း အဆိုပါအဖွဲ့ဝင် ဦးထွန်းကြည်က The Voice သို့ ပြောကြားသည်။
အဆိုပါစစ်တမ်းကို မူလက ပညာအရည်အချင်း၊ အသက်မွေးဝမ်းကျောင်း ပြုသည့် လုပ်ငန်းများမှ လူတန်းစား အလွှာမျိုးစုံကို ကောက်ယူမည်ဟု ကြေညာထားသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ပြု လုပ်ရန် ငွေကြေး အခက်အခဲ ရှိနေကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်၊ လူအား လုပ်အား ပေးနိုင်တယ်။ ဒါပေမဲ့ ငွေကြေး ကုန်ကျမယ့် ပမာဏ များနေပါတယ်” ဟု ၎င်းကဆိုသည်။
သို့သော်လည်း ဇွန်လ ၁၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် “ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက် ပိုများပါသည်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေး ပွဲကို ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်၊ စာရေးဆရာ ဦးဖေမြင့်၊ စီးပွားရေးပညာရှင် ဆရာမောင်သံဒိုင် (ဘောဂဗေဒ) တို့က အခမ်းအနား တက်ရောက်သူများနှင့် အပြန်အလှန် ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။
ဧပြီလ ပထမပတ်အတွင်း ထုတ်ပြန်ခဲ့သော အမေရိကန်အခြေစိုက် International Republican Institute (IRI) ၏ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူထုစစ်တမ်းမှ အချက်အလက်အချို့ အပေါ် ပြန်လည် ထောက်ပြ လိုသည့်အတွက် စစ်တမ်း ကောက် ယူမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

IRI ၏ စစ်တမ်းသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ မြို့ပြနေရာ ၉၂ နေရာ၊ ကျေးလက်ဒေသ ၂၀၈ နေရာတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀၀၀ ကို မေးမြန်း ကောက်ယူခဲ့ခြင်း ဖြစ်ပြီး သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအပေါ် ၉၃ ရာခိုင်နှုန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် ၉၀ ရာခိုင်နှုန်း အကောင်းမြင်သူများ ရှိနေသည်ဟု အဆိုပါ စစ်တမ်းတွင် ထည့်သွင်း ထုတ်ပြန်ထားသည်။





The Voice Weekly

No comments:

Post a Comment