Tuesday, June 24, 2014

တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် များကို ပစ်ခတ်ပြီး ထွက်ပြေး ခဲ့သည့် တပ်ကြပ်ကြီး အား ပြန်လည် ဖမ်းဆီး ရမိ

တောင်ကိုရီးယား ရှေ့တန်းတပ်စခန်း တစ်ခုတွင် တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့သည့် တပ်ကြပ်ကြီး တစ်ဦးကို စစ်ဘက်က ဇွန် ၂၃ ရက်တွင် ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လင်းမ် အမည်ရှိ အသက် ၂၂ နှစ်အရွယ် အဆိုပါ တပ်ကြပ်ကြီးသည် တောင်ကိုရီးယား တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို မခံရမီ မိမိကိုယ်ကို သေကြောင်းကြံ စည်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း၊ ထို့နောက် ၎င်းကို အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှု ခံယူစေခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိုတစ်ဦးက ပြောကြား ခဲ့သည်။
သို့သော် လင်းမ်အား ဖမ်းဆီးမှုနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ၎င်းက ထုတ်ဖော်ပြော ကြားခဲ့ခြင်းမရှိပေ။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်မှ စစ်မဲ့ဇုန်ရှိ တောင်ကိုရီးယား တပ်စခန်းတစ်ခုတွင် ကင်းလှည့် တာဝန်ထမ်းဆောင်နေသော အဆိုပါ တပ်ကြပ်ကြီးသည် ဇွန် ၂၁ ရက် ညပိုင်းတွင် ကင်းလှည့်ရာမှ ပြန်လာပြီးနောက် စစ်တန်းလျားသို့ ပြန်အရောက်တွင် တပ်ဖွဲ့ဝင်များ'အား ၎င်းကိုင်ဆောင်ထားသော K-2 ရိုင်ဖယ်ဖြင့် ၁ဝ ချက်ခန့် ပစ်ခတ်ခဲ့ရာ တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment