Tuesday, June 10, 2014

YMBA က တာဝန်ရှိသူအချို့ အလွဲသုံးစား ပြုလုပ်သည်ဟု ဆိုကာ နိုင်ငံတော်သမ္မတထံ တိုင်ကြား

ဗုဒ္ဓဘာသာ ကလျာနယုဝ အသင်းချုပ်ကြီး (YMBA) ၏ တာဝန်ရှိအချို့ ငွေကြေးအလွဲသုံးစား ပြုလုပ်သည်ဟု ဆိုကာ နိုင်ငံတော်သမ္မတ၊ သာသနာရေး ဝန်ကြီးဌာန၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းနှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိသူများကို ဇွန်လ ၆ ရက်နေ့က တိုင်ကြားထားကြောင်း အဆိုပါအသင်းက အမှုဆောင်များနှင့် အဖွဲ့ဝင်အချို့ထံမှ သိရှိရသည်။

ဇွန်လ ၈ ရက်နေ့က စံတော်ချိန် သတင်းစာတိုက်တွင် YMBA အသင်း၏ အလုပ်အမှုဆောင် အချို့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် YMBA အသင်းကြီး၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အပါအဝင် လူတစ်စုက အသင်းပိုင် ငွေများဖြင့် မော်တော်ယာဉ်၊ ဖုန်းကို အသင်းငွေဖြင့် ဝယ်ယူခြင်း၊ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် စာမေးပွဲက ရရှိသော ရမှတ်စာရင်းများကို ပြင်ဆင်ခြင်း၊ အထွေထွေသုံးစွဲမှုများကို ငွေပို သုံးစွဲ ထားခြင်းတို့ကြောင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း အဆိုပါအသင်းက အမှုဆောင်များနှင့် အဖွဲ့ဝင်များထံမှ သိရသည်။

သို့ရာတွင် သတင်းစာ ရှင်းလင်းပွဲကို ဦးဆောင်ပြုလုပ်ခဲ့သူ နှစ်ဦးသည် အသင်းစည်းကမ်း ဖောက်ဖျက်၍ အသင်း၏ အတွင်းရေးကို ပြောဆိုမှုကြောင့် အလုပ်အမှုဆောင်များ၏ သဘောတူညီချက်ဖြင့် ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပယ်ခဲ့ပြီး ဖြစ်ကြောင်း၊ ၎င်းတို့၏ လွဲမှားစွာ ပြောကြားချက်ကို ရေးသား ပါက ရေးသားသော သတင်းဌာနကို တရားစွဲမည် ဖြစ်ကြောင်း YMBA အသင်းဥက္ကဋ္ဌ ဦးကျော်သိန်း က ပြောဆိုသည်။

“မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ အမှတ်စာရင်းတွေကို အမှတ်ခြစ်ပေးသူက နာမည်ကို တန်းစီရေးပြီး အမှတ်တွေကိုလဲ စိတ်ထဲရှိတာကို လက်တန်း ချရေးတယ်။ ဥက္ကဋ္ဌက ငွေတတ်နိုင်တဲ့ ကလေးနှစ်ယောက် နာမည်ကို ဆရာတွေဆီကနေ တောင်းပြီး ဆုလာယူနိုင်တဲ့ ကလေးတွေကို ရွေးပြီး ဆုပေးခဲ့တယ်” ဟု အဆိုပါသင်တန်းတွင် သင်ကြားရေးဆရာ ဦးသောင်းလှိုင်က ပြောကြားသည်။

မေလ ၂၅ ရက်နေ့က ကျင်းပခဲ့သော ၆၅ ကြိမ်မြောက် YMBA အသင်းကြီး၏ မင်္ဂလာဆုပေးပွဲ အခမ်းအနားတွင် နိုင်ငံတော်တစ်ဝှမ်းက ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များကို လှေ ကားရင်းတွင် အဂါရဝ နေရာချထားမှုနှင့် ပတ်သက်၍ အသင်းသားများက ယင်းသို့ နေရာ မချပေးရန် ပြောဆိုခဲ့သော်လည်း အသင်းတာဝန်ရှိသူများက မျက်ကွယ်ပြုခဲ့သည့်အတွက် သာသနာရေး ဝန်ကြီးဌာနထံ တိုင်ကြားမည် ဖြစ်ကြောင်း YMBA အသင်းမှ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူ ဦးမြတ်စိုး က ပြောကြားသည်။

ဗုဒ္ဓဘာသာ ကလျာနယုဝ အသင်းချုပ်ကြီး (YMBA) တည်ထောင်သည်မှာ ၁၀၈ နှစ်ရှိပြီး အသင်းဝင် အမျိုးသား ၆၀၀၀ ကျော်နှင့် အရံအသင်းဝင် အမျိုးသမီး ၄၀၀၀ ကျော်ရှိကြောင်း အဆိုပါ အသင်းထံမှ သိရှိရသည်။

အဆိုပါအသင်း အမှုဆောင်သစ် ရွေးချယ်ပွဲကို ၂ နှစ်တစ်ကြိမ် ပြုလုပ်လေ့ ရှိပြီး ဇွန်လ ၂၂ ရက်နေ့တွင် ၂၀၁၄-၂၀၁၆ အတွက် အမှုဆောင်သစ် ရွေးချယ်ခြင်းနှင့် ညီလာခံကို အသင်းတည်ရှိရာ ပုစွန်တောင်မြို့နယ် ရေကျော်လမ်းမကြီး၌ နံနက် ၉ နာရီတွင် ပြုလုပ်မည် ဖြစ်ကြောင်း YMBA အသင်းသားများထံက သိရှိရသည်။

The Voice Weekly

No comments:

Post a Comment