Thursday, June 26, 2014

လောင်းကစားမှုများကို ထိန်းချုပ်ရန် ဂိမ်းဆိုင်များကို စည်ပင်သာယာရေးကော်မတီမှ ရှောင်တခင်စစ်ဆေးတော့မည်

ဂိမ်းကစားခြင်းကို စီးပွားဖြစ် လောင်းကစားအသွင်ဖြင့် လုပ်ဆောင်လာသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဂိမ်းကစားရုံများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကော်မတီစီမံရေးရာ ဌာနမှ တာဝန်ရှိသူက ပြောသည်။

စည်ပင်အခေါ်အရ လုပ်ငန်းလိုင်စင် ခွင့်ပြုထားသည့် အပန်းဖြေအိမ်တွင်း ကစားနည်းခန်းမ (အပန်းဖြေ ကလေးကစားကွင်း) ဂိမ်းကစားနည်းလုပ်ငန်းများတွင် သွယ်ဝိုက်သော နည်းဖြင့် လောင်းကစားမှုများ
များပြားခြင်းကြောင့် ဝေဖန်ပြောဆိုမှုများရှိလာသည့်အတွက် အဆိုပါ ကစားရုံများရှိ တင်သွင်းခွင့်ပြုထားသည့် ဂိမ်းစက်ပစ္စည်းများ ဟုတ်၊ မဟုတ်ကို ရှောင်တခင်စစ်ဆေးမည် ဖြစ်သည်။

“ကစားကွင်းတွေမှာ တရားဝင်နယ်စပ် ကုန်သွယ်ရေးက တင်သွင်းတဲ့ ပစ္စည်းဟုတ် မဟုတ်စစ်ဆေးမယ်။ စက်တွေ အပေါ်ပြုပြင်သုံးစွဲပြီး ထပ်ပြီးပိုးထားတာ၊ ကြားဖြတ်ထည့်ထားတာတွေ တွေ့ရင်လိုင်စင် ပိတ် သိမ်းမယ်။ လောင်းကစားလုပ်တာ မျိုးဆိုရင်တော့ သက်ဆိုင်ရာဌာနက အရေး ယူမယ်။ လိုင်စင်ခွင့်ပြု ထားတဲ့ လုပ်ငန်းရှင်တွေက စည်းကမ်းလိုက်နာဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ရှောင်တခင်စစ်ဆေးရာတွင် ကစားနည်းများနှင့် ပတ်သက်၍ မူလခွင့်ပြု ထားသည့် ကစားနည်းများ ကို သွယ်ဝိုက်သော နည်းများဖြင့် လောင်းကစားလုပ်ဆောင်မှုများရှိနေကြောင်း ပြည်သူများ အကြားတွင် ပြောဆိုဝေဖန်မှုများရှိသည့် အတွက် ဂိမ်းဆိုင်များဖွင့်လှစ်ထားသည့်မြို့နယ်၊ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး အ ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က ရှောင်တခင် စစ်ဆေးသွားမည် ဖြစ်သည်။

ကမာရွတ်မြို့နယ်၊ ခိုင်ရွှေဝါလမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် အကြွေစေ့ဂိမ်းဆိုင်တွင် လာရောက်ဆော့ ကစားသည့် အသက် နှစ်ဆယ်အရွယ်လူငယ်တစ်ဦးက “ကျွန်တော်တို့ ကစားဖူးတဲ့ အကြွေစေ့ဂိမ်းတွေကတော့ ပိုက်ဆံနဲ့ အလျော်အစားလုပ်ကြတာချည်းပဲ။ ကျွန်တော်တို့ ဆော့တာကတော့ အံစာတုန်းခေါက်တဲ့ ဂိမ်း။ ဂဏန်းသုံးလုံး ပေါင်းတာကို အကြီးအသေးလောင်းတာ။ တစ်ခါတစ်လေကျတော့လည်း သုံးသောင်းလောက်ကုန်တယ်။ တချို့ဆို သိန်းနဲ့ချီပြီး ရှုံးတဲ့သူတွေလည်း ရှိတယ်။ နိုင်တဲ့အခါလည်း နိုင်တာပေါ့။ နိုင်လည်း မထချင်ဘူး။ အဲဒီဂိမ်းက။ ဒါပေမဲ့ ရှုံးတာက များပါတယ်” ဟုပြောသည်။

အဆိုပါ ဂိမ်းကစားနည်းလုပ်ငန်း လိုင်စင်ချပေးခြင်းသည် ကစားသူများ ပျော်ရွှင်မှုနှင့် ဉဏ်ရည်ဖွံ့ဖြိုးမှုအ တွက်ရည်ရွယ်ပြီး လိုင်စင်ချပေးခြင်းဖြစ်ပြီး လိုင်စင်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန၌ ခွင့်ပြုချက် လိုင်စင်လျှောက်ထားရာတွင် ဂိမ်းဆိုင် ဖွင့်လှစ်မည့် မြို့နယ်၊ရပ်ကွက်ရှိ သက် ဆိုင်ရာဌာနများ၏ ခွင့်ပြုချက် လက်မှတ်များ၊ ဆိုင်တည်နေရာ ပတ်ဝန်းကျင်မှ ရပ်ကွက် နေပြည်သူ ၁၀ ဦး ၏ ထောက်ခံချက်လက်မှတ်၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၏ ခွင့်ပြုထားသည့် စက်ပစ္စည်းသွင်းကုန်လိုင် စင်များထည့် သွင်းလျှောက်ထားရပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရပြီး သည့် အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စာရင်းပိုင်းနှင့် မြေပြင်ပိုင်းစိစစ်ပြီးမှသာ လုပ်ငန်း လိုင် စင်ခွင့်ပြုပေးသည်။

Game Box ကလေးကစားခန်းမှ မန်နေဂျာ ဒေါ်မြင့်မြင့်မောင်က “စက်နဲ့ပတ်သက်ပြီး ထားခွင့်ရတာပဲ ထားတယ်။လောင်းကစားသူတွေကို ငွေနဲ့လဲလှယ် ပေးတာမရှိဘူး။ လောင်းကစားတာ မြင်ရင် တား တယ်။ လူမျိုးစုံလာတယ်။ ကျောင်းဝတ်စုံနဲ့ လာရင် လက်မခံဘူး။ စည်ပင်ကလဲ လိုင်စင်ပြန်လုပ်တိုင်း လာ စစ်တယ်။ သက်ဆိုင်ရာကလည်း တစ်လတစ်ခေါက်လောက် လာစစ်တယ်။ အခုဆိုရင် ဆိုင်တွေများလာ တော့ လူတွေက လျော့သွားတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းတွင် အပန်းဖြေကလေးကစားကွင်း လုပ်ငန်းလိုင်စင်ချထားပေးမှု ၃၀ ကျော်ရှိသည်။ လုပ်ငန်း လိုင်စင်ကြေး တစ်နှစ်လျှင် ကျပ် ၂သိန်း ပေးသွင်းရသည်။

စည်ပင်က ဂိမ်းဆိုင်များကိုခွင့်ပြုထားသည့် ကစားနည်းများသည် ကားမောင်းကစားနည်းစက်၊ မီးသတ် ကားစက်၊ သရဲသေနတ်ပစ်စက်၊ အရုပ်ကောက်စက်၊ ဒီဂျေပွတ်စက်၊ အသီးခွဲစက်၊ ရေသတ္တ၀ါ လေးများ အပြေးပြိုင်ကစားနည်း၊ စက်ဝိုင်းကောက်ရွေးနည်း၊ နာရီကောက်စက်၊ ဘောလုံးထုစက်၊ အကဂိမ်းစက်၊ အကြွေစေ့ တွန်းစက်၊ အသီးရွေးစက်၊ အကောင်ရွေး ကစားနည်း၊ ငါးဖမ်းကစားနည်း၊ ငါးပစ် ကစားနည်း၊ ပင်ပေါက်ကစားနည်း၊ အကောင်ရွေးစက်တို့ဖြစ်သည်။


Mizzima

No comments:

Post a Comment