Thursday, June 26, 2014

ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်တွင်း ဆက်ဆံရေး အဖေနှင့်သားများကဲ့သို့ ဖြစ်နေ

ရန်ကုန်တိုင်း လွှတ်တော်အတွင်းမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်များ၏ အထက်အောက်ဆက်ဆံရေးသည် အဖေနှင့်သားများကဲ့သို့ ဖြစ်နေသည်ဟု ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုး တိုင်းလွှတ်တော်အမတ် ဦးနေမျိုးအောင်က ဇွန် ၂၅ ရက်တွင် ဝေဖန်လိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့ ခွင့်ရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စုလွှတ်တော်နှင့် တိုင်း၊ ပြည်နယ် လွှတ်တော်များတွင် အစိုးရအဖွဲ့ဝင်များဖြစ်နေပြီး ၎င်းတို့နှင့် ဆက်ဆံရေးပုံစံကို သာမန်လွှတ်တော်အမတ်များမှာ ပူးပေါင်းလုပ်ဆောင်မှု အပိုင်းတွင် အခက်အခဲများ ဖြစ်နေခြင်းဖြစ်သည်။

“ဘယ်လို နမူနာလေးနဲ့ ပြောရမလဲဆိုတော့ အဖေနဲ့ သားသမီးလို့ပဲ ပြောပြောပေါ့။ ငါတို့က နေပြီးတော့ ကိုယ့်အဖေကို သူများကဲ့ရဲ့မှာ စိုးလို့၊ အပြစ်တင်မှာ စိုးလို့ အဖေရယ် အရက်ကလေးမသောက်ပါနဲ့လို့ပြောရင် မင်းက ဘာကောင်မို့လို့လဲ။ ဘယ်လောက် နားလည်လို့လဲ။ မင်းက အကြီးလား၊ ငါက အကြီးလား။ အဲ့လိုမျိုး ပြန်ပြောတာပေါ့”ဟု ဦးနေမျိုးအောင်က ဆိုသည်။

၎င်း၏ ပြောဆိုချက်များအရ ပြည်ခိုင်ဖြိုးပါတီသည် အနိုင်ရ ပါတီ၊ အနိုင်ရ အစိုးရ၊ ပြည်ခိုင်ဖြိုးလွှတ်တော် သုံးခုပေါင်းသည်ဟု ပြောဆိုနေသော်လည်း အမှန်တကယ်တွင် ပူးပေါင်းလုပ်ဆောင်ရန် အခက်တွေ့နေ သည်ဟု ဆိုသည်။

“ငါတို့က ထပြီး ပြောလို့ရှိရင်လည်း မင်းက ဘယ်လောက်သိလို့လဲ ဘယ်လောက်တတ်လို့လဲ။ အဲ့တော့ ငါတို့လည်း မသိသလို၊ မတတ်သလိုလေးပဲ နေရတာပေါ့ကွာ”ဟု ၎င်းက ပြောသည်။

သာဓကအဖြစ် တိုင်းလွှတ်တော်တွင် အစိုးရ၏ ဆုံးဖြတ်ချက်တစ်ခုကို ပါတီအစည်းအဝေးတွင် ဝေဖန်မိသည့်အတွက် “မင်းက ၀န်ကြီးချုပ်ကြီး လုပ်နေတာတွေကို မယုံလို့လား။ အခုမင်းပြောနေတာတွေက ၀န်ကြီးချုပ်ကြီးကို မယုံတဲ့သဘော သက်ရောက်နေတယ်”ဟု ပြောဆို ခံခဲ့ရကြောင်း ဦးနေမျိုးအောင်က ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် မြို့တော်ဝန် ဦးလှမြင့်တို့ အားလုံးမှာ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်သည်။

တိုင်းအစိုးရ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာမည့် ကော်မတီများဖြစ်သည့် အစိုးရ၏ ကတိက၀တ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ ပြည်သူတို့၏ တိုင်ကြားလွှာ ကော်မတီတို့ ဖွဲ့စည်းပေးရန် အမတ်တစ်ဦး၏ တောင်းဆိုမှုကိုလည်း ဖွဲ့စည်းပုံဥပဒေနှင့် မညီဟုဆိုကာ လွှတ်တော်ဥက္ကဋ္ဌအပါအ၀င် အစိုးရအဖွဲ့က ပယ်ချထားသည်။


Mizzima

No comments:

Post a Comment