Wednesday, June 4, 2014

အရှိန်မြင့်လာသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ

Photo
မျက်စိတစ်ဆုံးပြည့်နေသည့် ကွင်းပြင်ထဲ လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်ထံမှ စိတ်အားတက်ကြွစရာ စကားတစ်ခွန်း ထွက်လာတိုင်း လက်ခုပ်သြဘာပေးကြသည်။
တပ်မတော်အနေဖြင့် အာဏာနှင့်အခွင့်အရေးကို မမက်မောဘဲ တိုင်းပြည်ကိုချစ်လျှင် အခြေခံ ဥပဒေကိုပြင်၍ သက်သေပြရန် ဒေါ်အောင်ဆန်းစုကြည်၏ စိန်ခေါ်သံကို ကွင်းလုံးပြည့် လာရောက် နားထောင်နေသူများက သဘောကျမဆုံး။
‘‘အာဏာမက်မောလို့၊ အထူးအခွင့်အရေးမက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာမဟုတ်ဘူးဆိုတာ သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတာထက် တစ်နည်းအားဖြင့် ပြော ရရင် စိန်ခေါ်မှုလို့လည်း ပြောလို့ရပါတယ်။ ကျွန်မ စိန်ခေါ်ပါတယ်’’ဟု မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ၎င်း၏မိန့်ခွန်းကို လာရောက်နားထောင်နေသည့် လူအများကို မေလ ၁၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
နောက်လေးရက်အကြာတွင်တော့ ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်ကို စိန်ခေါ်ပြောဆိုမှုများသည် အခြေခံဥပဒေက ခွင့်ပြုထားသည့် အတိုင်းအတာကို ကျော်လွန်နေကြောင်း အကြောင်းကြားစာပို့ပြီး သတိပေးခဲ့သည်။
‘‘တကယ်ရင်ကြားစေ့ရေး လုပ်မယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် သိပ်ကွာဝေးသွားစေမယ့် စကားမျိုး ဆင်ခြင်စေချင်တယ်’’ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းရီကပြောသည်။
ယခုလတ်တလော မြင့်တက်နေသည့် နိုင်ငံရေးအရှိန်သည် ၁၉၉၀ နှစ်ကာလများဆီသို့ ပြန်လည် သတိရစေသည်။ ထိုစဉ်က  တပ်မတော်အနေဖြင့် နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းနေရန်၊ တိုင်းသူပြည်သား များအား ပစ်ခတ်ချုပ်ချယ်မှုများမလုပ်ရန် ပွင့်ပွင့်လင်းလင်းဝေဖန် ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်၏ စကားများသည် လူကြိုက်များလှသည့် မိန့်ခွန်းများ ဖြစ်သော်လည်း ယင်းအပြောအဆိုမျိုးကို တပ်ဘက်ကမူ တပ်မတော်ကို ဖြိုခွဲမည့်လုပ်ရပ်အဖြစ် ရှုမြင်ခဲ့သည်။
နှစ်ပေါင်း ၂၄ နှစ် ကြာပြီဖြစ်သော်လည်း သူမြင်တွေ့လိုသည့် တပ်မတော်ပုံစံကို ဒေါ်အောင်ဆန်း စုကြည်ဘက်က ပွင့်ပွင့်လင်းလင်း ဝေဖန်ဆဲဖြစ်ပြီး ယင်းကဲ့သို့ သူပြောဆိုလိုက်တိုင်း တပ်ဘက်ကလည်း အပြင်းအထန် တုံ့ပြန်ဆဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများနှင့်ပတ်သက်၍  ‘‘အန်တီစုက ဒါ သူ့စတိုင်ပဲ။ လွှတ်တော်ထဲမှာလည်း အစည်းအဝေးတွေမှာ တွေ့နေတာပဲ။ သူ တမင်လုပ်နေတာလည်း မဟုတ်ဘူး။ သူ့စတိုင်နဲ့သူ လုပ်နေတာပဲ။ သူစစ်တပ်ကိုပြောနေတာ အခုမှပြောနေတာလည်းမဟုတ်ဘူး။ အရင်ကတည်းက ပြောနေ တာပဲ’’ဟု တပ်မတော်သားဟောင်းတစ်ဦးဖြစ်သည့် သာပေါင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းကပြောသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏လှုပ်ရှားမှုအပေါ် နိုင်နင်းရန်လိုအပ်ပြီး မနိုင်နင်းပါက သူတစ်ပါး ၀င်ထိန်းရဖွယ်ဖြစ်သွားနိုင်သည်ဟု ၎င်းကသုံးသပ်သည်။
အတိုက်အခံခေါင်းဆောင်၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ရာစုနှစ်ထက်ဝက်နီးပါး တိုင်းပြည်၏အဓိကနေရာများကို တပ်မတော်အရာရှိများကသာ ချုပ်ကိုင်ထားသည်ကို အမြဲတစေထောက်ပြဝေဖန်ခဲ့သည်။ တပ်မတော်သည် တိုင်းပြည်ကာကွယ်ရန်သာ တာဝန်ယူသင့်ပြီး အုပ်ချုပ်ရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာ ၀င်ရောက်နေရာယူထားမှုများကိုလည်း ဒေါ်အောင်ဆန်း စုကြည်က တစ်စိုက်မတ်မတ် ဝေဖန်ခဲ့သည်။
မြန်မာ့တပ်မတော်ကို နိုင်ငံတကာတပ်မတော်များနည်းတူ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင်  ၀င်မစွက်ရန် ၎င်း၏တိုက်တွန်းပြောကြားချက်များကို ပြည်တွင်းပြည်ပမှ ၎င်းအားထောက်ခံသည့် သန်းပေါင်းများစွာသော သူများက အမြဲတစေထောက်ခံခဲ့သည်။
သို့သော်လည်း တိုင်းပြည်၏အာဏာကို ချုပ်ကိုင်ထားသည့် စစ်ဗိုလ်ချုပ်ကြီးများကတော့ ၎င်း၏အကြံပေးချက်များကို တပ်မတော်ဖြိုခွဲမည့်လုပ်ရပ်များအဖြစ် ရှုမြင်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဘောလုံးပွဲတစ်ပွဲစာမျှ ကြာမြင့်သည့် မိန့်ခွန်းရှည်ကြီးများ၊ အပြန်အလှန် စကားစစ်ထိုးပွဲများ၊ ရေဒီယိုတွေ့ဆုံမေးမြန်းခန်းများထဲမှ ပြောစကားအားလုံး၏ အနှစ်သာရကို ချန်လှပ်ပြီး တပ်မတော်နှင့်ပတ်သက်သည့် အားပါပြင်းထန်သည့် ပြောစကားများကိုသာ အသုံးပြုပြီး တပ်မတော်ကိုဖြိုခွဲရေး ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နေကြောင်း မကြာခဏ ပုံဖော်ခံခဲ့ရသည်။
၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ လပိုင်းအလိုတွင် ယင်းကဲ့သို့သော စိတ်ဓာတ်စစ်ဆင်ရေးမျိုး တပ်မတော်အတွင်းတွင် ဖြန့်ဖြူးခဲ့သည်။ 7Day News မှ ရရှိသော အထောက်အထားများအရ ၁၉၉၀ ရွေးကောက်ပွဲမကျင်းပမီ လပိုင်းအလို ၁၉၈၉ ဒီဇင်ဘာလအတွင်းတွင် ကက(ကြည်း) သုတေသနဌာနခွဲမှ ‘‘တပ်မတော်အားဖြိုခွဲရေး လုပ်ရပ်များ’’အမည်ဖြင့် စာမျက်နှာ ၁၅၇ မျက်နှာပါ စာအုပ်တစ်အုပ် ထုတ်ဝေခဲ့သည်။
ယင်းစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ နိုင်ငံရေးတက်ကြွလှုပ်ရှား သူများ၏ ပြောစကားများကို ဖော်ပြထားပြီး တပ်မတော်အားဖြိုခွဲမည့် လုပ်ရပ်များအဖြစ် သတ်မှတ်ခဲ့သည်။
‘‘အခုတစ်လော နိုင်ငံရေးအရှိန်က မြင့်မြင့်လာတယ်။ နေပြည်တော်မှာပြောတဲ့ ဒေါ်စုရဲ့မိန့်ခွန်းတွေက နည်းနည်းလေး သတိထားရမယ်ထင်တယ်’’ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ပါတီ အနိုင်ရသွားခဲ့သော်လည်း အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းတွင်လည်း စစ်အစိုးရက နိုင်ငံပိုင် သတင်းမီဒီယာများမှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်ပြီး တိုင်းပြည်နှင့်တပ်မတော်ကို ဖြိုခွဲမည့်သူအဖြစ် ပုံဖော်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူများကိုပါ ထောင်သွင်းအကျဉ်းချကာ နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့သည်။ ၎င်း၏ပါတီဝင်များကိုသာမက ပါတီဝင်များ၏ မိသားစုများကိုပါ အနုနည်း အကြမ်းနည်း မျိုးစုံသုံးကာ ခြိမ်းခြောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ပုံရိပ်ကို ၎င်းကို အားပေးထောက်ခံသူများနှင့် ဝေးရာကို ပို့ဆောင်ရန်ကြိုးပမ်းခဲ့သည်။ နှစ်ရှည်အကျဉ်းချခြင်း၊ ဟောပြောပွဲများ ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။
နောက်ဆုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆန္ဒပြပြည်သူများ အသုံးပြုခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်၏ ဖခင်ပုံရိပ်များကိုပင် လူထုနှင့်အဝေးဆုံးဆီသို့ ပို့ဆောင်ပစ်ခဲ့သည်။
ထိုအခြေအနေများသည် အစိုးရသစ်တက်လာခြင်းနှင့်အတူ အဆုံးသတ်သွားမည့် အရိပ်အယောင် များလည်း မကြာခဏမြင်တွေ့ရသည်။ အစိုးရသစ်၏ သမ္မတက ဒေါ်အောင်ဆန်း စုကြည်အား သီးသန့်ခေါ်ယူတွေ့ဆုံခဲ့သည်။ အစိုးရသတင်းစာများတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်တိုက်ခိုက်ခြင်းများ ရပ်ဆိုင်းသွားခဲ့သည်။
အခြားအရာများ ပြောင်းလဲသွားခဲ့သော်လည်း တပ်မတော် နိုင်ငံရေးနှင့် ဝေးဝေးနေ ရန် ဒေါ်အောင်ဆန်း စုကြည်၏ ပြောကြားချက်များကိုတော့ လက်ရှိတပ်မတော်အရာရှိများနှင့် တပ်မတော်အရာရှိဟောင်းများ၏ သဘောထားက မပြောင်းလဲဘဲ ၁၉၉၀ နှစ်များတုန်းက တုံ့ပြန်မှုအတိုင်းသာ တုံ့ပြန်ခဲ့သည်။
အထူးသဖြင့် အငြင်းပွားဖွယ် ၂၀၀၈ အခြေခံဥပဒေမှ သာမန်တိုင်းသူပြည်သားများလို ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ရွေးကောက်ပွဲတွင် အကြိတ်အနယ်ယှဉ်ပြိုင်စရာမလိုဘဲ လွှတ်တော်အမတ်နေရာများ၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားများက အမြဲတစေရရှိနေသည့် ကိစ္စများကို ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်တိုင်း တပ်မတော်အရာရှိဟောင်း များက ပြင်းပြင်းထန်ထန်တုံ့ပြန်လေ့ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆင်ပြေချောမွေ့စေရေးအတွက် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို ဦးသိန်းစိန်ဘက်က ပယ်ချခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက်တွင်လည်း သမ္မတဘက်က ယခင်အစိုးရများ လုပ်လေ့ရှိသည့် နည်းလမ်းများနှင့် ခပ်ဆင်ဆင်တစ်ခုဖြင့် တုံ့ပြန်ခဲ့သည်။
‘‘မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တဲ့ နိမ့်ကျတဲ့စိတ်ဓာတ်တွေ ဖျောက်ဖျက်ဖို့လိုတယ်’’ဟု သမ္မတက သူ၏မိန့်ခွန်းတစ်ခုတွင် ထည့်သွင်းပြောဆိုခဲ့ပြီး ထိုစကားများသည် စစ်အစိုးရ လက်ထက်က ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွန်းရေးသားသည့် အသေရေဖျက်ဆောင်းပါးများတွင် ထည့်သွင်းရေးသားလေ့ရှိသည့် ‘‘မင်းသမီးကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်သူ’’ဆိုသည့် အသုံးအနှုန်းများကို ပြန်လည်သတိရစေခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်က မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် တပ်မတော်အကြောင်း ထည့်သွင်းပြောကြားခဲ့သည်ကိုလည်းဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ခေါင်းဆောင်သည့် ရွေးကောက်ပွဲကော်
မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးစကားပြောခဲ့သည်။
‘‘ဒေါ်အောင်ဆန်းစုကြည် ဟောပြောတဲ့ နေရာနှစ်ခုစလုံး ကျွန်တော်လည်းပါတယ်။ သူပြောတာကိုလည်း ကျွန်တော် တလေးတစားနားထောင်တယ်။ အဲဒီမှာ ပြောတာတွေက အခြေခံဥပဒေကို ချိုးဖောက်တာ တစ်ခုမပါဘူး။ အခြေခံဥပဒေကိုပြင်ဖို့ပဲ ပြောတာ။ ကျွန်တော်လည်း ဥပဒေသမား ပါပဲ’’ဟု ဟောပြောပွဲများတွင် ပါဝင်ဟောပြောခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မေလ ၂၇ ရက်တွင် 7Day News အား ပြောသည်။
သို့သော်လည်း ယင်းအပြောမျိုးကို တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား တပ်မတော်အရာရှိဟောင်း များကတော့ သိပ်သဘောမကျ။
‘‘ဥပမာ- အခု ကိုမင်းအောင်လှိုင်ဗျာ တပ်ချုပ်ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲတုန်းက သူမပါဘူး။ ဒါပေမဲ့ ဒီဆွဲထားတဲ့ အခြေခံဥပဒေအတိုင်း သူလိုက်နာတယ်လေ။ နောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရင်ပြင်တဲ့အတိုင်း လိုက်နာမှာပဲ။ တပ်ဆိုတာ ဒီအတိုင်းပဲ။ အဲဒါကြီးကို တပ်ကိုသွားပြဿနာရှာနေရင်တော့ ကျွန်တော်က မရောင်ရာဆီလူးတယ်လို့ ထင်တာပဲ’’ဟု သူ၏အမြင်ကို မကြာခဏ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလေ့ရှိသူ တပ်မတော်အရာရှိဟောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည့်လှုပ်ရှားမှုများ အရှိန်တက် လာချိန်တွင် ဟောပြောဆွေးနွေးပွဲများသည် ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ အချိန်များကို ပြန်ပြောင်းအောက်မေ့စေသည်။
ပြီးခဲ့သည့်နှစ်များက တိုင်းပြည်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကျပ်အတည်းများသည်လည်း အခြေအနေ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း တပ်မတော်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှုများနှင့် ယင်းပြောဆိုမှုများကို တပ်အသိုင်းအ၀ိုင်းက ဆတ်ဆတ်ထိမခံ တုံ့ပြန်ခဲ့မှုများကတော့ မပြောင်းလဲသေး။

7 Day Daily

No comments:

Post a Comment