Friday, June 6, 2014

NLD နဲ့ ၈၈ ဘာဖြစ်ကြပြန်ပြီလဲ

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ်များ၏ ရှင်းလင်းချက်အပေါ် မကြေမလည်ဖြစ်ကာ အက်ကြောင်းများ ကြီးမားလာနေကြောင်း သိရှိရသည်။
မဇ္ဈိမနေ့စဉ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် NLD ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု လှုပ်ရှားမှုများ ဆောင် ရွက်နေခြင်းသည် NLD ပါတီ၏ ပါတီစည်းရုံးရေး လုပ်ငန်း သာ ဖြစ်ကြောင်း ပြောကြား ခဲ့ရာမှ အငြင်းပွားမှုများ ပြင်းထန်လာခြင်း ဖြစ်သည်။
“NLD ပါတီက ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေတဲ့အချိန်မှာ ဗျူဟာကျကျ လှုပ်ရှားဖို့ ကျွန်တော်တို့ ၈၈ ငြိမ်းပွင့်က ၀ိုင်းကူပေးတာ၊ ၀န်းရံပေးတာ သက်သက်ပဲ။ ဒါကို ပါတီစည်းရုံးရေး ဆိုတော့ ကျွန်တော်တို့က NLD ပါတီဝင်တွေ ဖြစ်သွားတဲ့ သဘော သက်ရောက်နေတယ်၊ ကျွန်တော်တို့က ပါတီစည်းရုံးရေး ၀င်လုပ်နေတယ် ဆိုတာမျိုး ဖြစ်နေတယ်။ ဒီကိစ္စက NLD ထိပ်ပိုင်းက ထွက်လာတာ ဆိုတော့ ကျွန်တော်တို့ကို အသုံးချရာ ရောက်နေတယ်။ ဒါနဲ့ ပတ်သက်ပြီး ၈၈ ငြိမ်းပွင့်တွေ အစည်းအဝေး လုပ်ပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၈၈ ငြိမ်းပွင့်ဟာ နိုင်ငံရေးပါတီ မဟုတ်ဘူး။ ကျွန်တော်တို့ထဲက တချို့တချို့တွေက ရွေးကောက်ပွဲဝင်တာတွေ ရှိပေမယ့်လည်း အကုန်လုံးက ၀င်မှာ မဟုတ်ဘူး။ နောက်တစ်ချက်က ကျွန်တော်တို့က NLD ကို ၀န်းရံနေတယ် ဆိုပေမယ့် NLD ပါတီဝင်တွေမဟုတ်ဘူး။ NLD ပါတီ လက်အောက်ခံတွေ မဟုတ်ဘူး။ ဒါကို ပြည်သူတွေ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောထားချင်ပါတယ်။ တချို့လည်း ကျွန်တော်တို့ကို လာမေးတယ်။ NLD နဲ့ ၈၈ က အတူတူပဲလား၊ ၈၈ တွေ NLD ထဲ ၀င်လိုက်ပြီလား ဆိုပြီး မေးကြတယ်။ အန်တီစုကို ၀န်းရံတာပဲ ဖြစ်တယ်။ NLD ထဲကို ၀င်တာ မဟုတ်ပါဘူး” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

NLD ပါတီအနေဖြင့် အကျပ်အတည်းဖြစ်နေသည်ကို ၈၈ များက ၀င်ရောက် ဖြေရှင်းပေးခြင်း သာ ဖြစ်ကြောင်း၊ ၈၈ အဖွဲ့က ၀င်ရောက်ကူညီခြင်း မပြုခဲ့လျှင် NLD ပါတီ ဘာလုပ်လို့လုပ်ရမှန်း မသိ ဖြစ်နေဦးမည်သာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသော်လည်း ၈၈ ငြိမ်းပွင့်သည် မိမိဂုဏ်၊ မိမိသိက္ခာဖြင့် သီးခြား ရပ်တည်လျက်ရှိသော အင်အားစုတစ်ခု ဖြစ်ကြောင်း ယင်းက ပြောသည်။

“၈၈ မျိုးဆက်တွေက အမှန်တော့ NLD နဲ့ အတူတူပါပဲ။ ၈၈ အရေးအခင်းမှာ မွေးဖွားခဲ့တဲ့ NLD ပါတီဟာ ၈၈ မျိုးဆက်တွေနဲ့ တစ်သားတည်းပဲ ဖြစ်ပါတယ်။ ၈၈ ထဲက အချို့ကို NLD ပါတီမှာ CEC အဖြစ် ထားရှိပေးဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။ ဒါပေမယ့် ၈၈ အကုန်လုံးတော့ CEC ချည်းပဲ မရနိုင်ဘူးပေါ့။ CEC ထဲ ရောက်တဲ့သူ ရောက်မယ်၊ CEC အောက် ၀င်ချင်ဝင်မယ်။ နောင်လည်း ပါတီထဲ ရောက်လာမယ့် အတူတူတော့ အခုကတည်းက ပါတီလုပ်ငန်းတွေထဲ ပါဝင်ဆောင်ရွက်နေတာက အထူးအဆန်း မဟုတ်ပါဘူး” ဟု NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုကို ပါတီစည်းရုံးရေး ဖြစ်သည် ဟု ဦးဥာဏ်ဝင်း ပြောခဲ့သည့်အတိုင်း မှန်ကန်ကြောင်း၊ လူထုစည်းရုံးရေးသည် ပါတီ စည်းရုံးရေးပင် ဖြစ်ကြောင်း၊ ထိုသို့ ပြောဆိုခြင်းအတွက် ၈၈ ခေါင်းဆောင်ပိုင်းက လက်ခံထားပြီး ဖြစ်ကြောင်း၊ အချို့သော ၈၈ ကျောင်းသားများမှာ ခေါင်းဆောင်များ အချင်းချင်း ပြောဆိုဆွေးနွေးထားသည်များကို အကုန်အစင် သိချင်မှ သိမည် ဖြစ် ကြောင်း၊ ထိုသို့ အစုံအလင် မသိရှိထားသည့်အတွက် ယခုကဲ့သို့ ငြင်းဆန်နေခြင်း ဖြစ်နိုင်ကြောင်း ယင်းက ပြောသည်။

“ကျွန်တော်ကတော့ လက်မခံဘူး။ ပါတီစည်းရုံးရေးကို ၈၈ အဖွဲ့က ၀င်လုပ်နေတယ် ဆိုတာကို သဘောမတူဘူး။ ကျွန်တော်တို့က မူလကတည်းက ပါတီနဲ့ ပတ်သက်ခြင်း မရှိဘဲ ဒေါ်စုကိုပဲ ကူညီဖို့ ပြောထားတာ။ ဘဘဦးဝင်းတင် မကွယ်လွန်ကလည်း ဒေါ်စုကို ၀ိုင်းကူပေးဖို့ ကျွန်တော်တို့ဆီက ကတိတောင်းသွားတယ်။ ကျွန်တော်တို့က စိတ်ချပါ ဆိုပြီး ကတိပေးထားတယ်။ ဒီကတိနဲ့အညီ ကူညီဆောင်ရွက်ပေးတာပဲ ရှိတယ်။ NLD ပါတီရဲ့ ပါတီကိစ္စတွေနဲ့ ကျွန်တော်တို့နဲ့ လုံးဝ မသက်ဆိုင်ဘူး” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောကြားသည်။
“နိုင်ငံရေးဝါစဉ်အရ ကျွန်တော်တို့ထက် အများကြီးငယ်တဲ့သူတွေကိုတောင် ပါတီ CEC ဆိုပြီး ပေးထားတာတွေ ရှိတယ်။ ဒါကို ၈၈ အတွက်CEC နေရာခွဲတမ်း နည်းနည်းပဲ ပေးမယ် ဆိုတာကတော့ သိပ်တော့ သဘာဝမကျဘူး။ ဒါက နေရာ လိုချင်လို့ ပြောနေတာ မဟုတ်ဘူး။ ကျွန်တော်တို့က NLD ပါတီကို ၀င်မှာလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ကိုတော့ အသုံးမချနဲ့ ဆိုတဲ့ စကားကို ပြောချင်တယ်။ အခုဟာက NLD ပါတီရဲ့ ပြည်သူအကြားမှာ ကျဆင်းနေတဲ့ Image ကို ၈၈ အဖွဲ့က မြှင့်တင်ပေးနေတာ။ ကျွန်တော်တို့က NLD ရဲ့ ပြဿနာ ၀န်ထုပ်ဝန်ပိုးတွေကို ၀င်ပြီးထမ်းပေးနေတာ။ နေရာလိုချင်လို့လည်း မဟုတ်ဘူး။ CEC လည်း မလိုချင်ဘူး။ ပြတ်ပြတ် သားသား ပြောချင်တာက ၈၈ ငြိမ်းပွင့်ဟာ NLD လက်အောက်ခံ မဟုတ်ဘူး” ဟု ယင်းက ပြောသည်။

တစ်ချိန်တည်းမှာပင် NLD ပါတီ CEC များအတွင်း၌လည်း ၈၈ အုပ်စုကို နေရာပေးရေးနှင့်ပတ်သက်ပြီး တိတိကျကျ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ လက်ခံလိုသူများ ရှိသလို လက်မခံလိုသူများလည်း ရှိနေကြောင်း၊ လက်မခံလိုသူများမှာ NLD ၏ အရိပ်အောက်တွင် ၈၈ အဖွဲ့ကို အစိတ်အပိုင်းတစ်ခုအနေဖြင့် ထည့်သွင်းလိုပြီး NLD နှင့်တန်းတူ သတ်မှတ်မပေးနိုင်ဟု ပြောကြားလျက် ရှိကြောင်း သိရသည်။
သို့သော်လည်း နိုင်ငံရေးလေ့လာသူများ၊ အခြားနိုင်ငံရေးပါတီများကမူ NLD ပါတီ၏ ပုဒ်မ ၄၃၆ လှုပ်ရှားမှုအပေါ် ရှင်းလင်း ပြောကြားချက်များအရ ၈၈ ငြိမ်းပွင့်အဖွဲ့သည် NLD ၏ တပည့်တပန်းအသွင် ပေါက်နေကြောင်း၊ ၈၈ အုပ်စုက ငြင်းဆန်နေသော်လည်း ထိုသို့သာ နားလည်သဘောပေါက်ကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ

No comments:

Post a Comment