Sunday, July 6, 2014

အကြမ်းဖက်မှု နှိမ်နင်းရာတွင် သုံးမည့် လက်နက်များ မန္တလေး ရဲတပ်ဖွဲ့ထံ ပေးပို့

မန္တလေးမြို့တော်တွင် ဖြစ်ပွားနေသော ဘာသာရေး ပဋိပက္ခတွင် ဆူပူအကြမ်းဖက်မှု ကျုးလွန်သော လူအုပ်စုကို လျှင်မြန်စွာ ထိန်းသိမ်းနိုင်ရန် အတွက် နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်က လက်နက်ပစ္စည်းများကို ထပ်မံ ပေးပို့ထားပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးက ပြောကြားသည်။

ဘာသာရေး အကြောင်းပြု၍ ပဋိပက္ခများ ဖြစ်ပွားနေသည့်အတွက် ရဲတပ်ဖွဲ့ဝင်များ အနေနှင့် လူအုပ်စုကို ထိန်းသိမ်းရာတွင် အသေအပျောက် မရှိစေရန်အတွက် အဓိကရုဏ်း ဖြစ်ပွားစဉ် အသုံးပြုသည့် ရာဘာကျည်ဆံ သေနတ်များ၊ ဓာတ်ငွေ့ဖြည့် ဗုံးများကို ထပ်မံဖြည့်တင်းပေးပြီး ကျန်ရဲတပ်ဖွဲ့ဝင်များကို အဓိကရုဏ်း နှိမ်နင်းရေး သင်တန်းများ ပေးနေကြောင်း အဆိုပါအရာရှိက ပြောကြားသည်။

“အဓိကရုဏ်း နှိမ်နင်းမယ်ဆိုရင် တန်းသုံးတန်း ထားရတယ်။ ရှေ့က တုတ်နဲ့ တားမြစ်တယ်။ ဒုတိယက ရော်ဘာကျည်ဆံ သေနတ်၊ တတိယက အားပြင်းပြီး လူကိုသေစေနိုင်တဲ့ သေနတ်မျိုးကို အသုံးပြုတယ်။ ဓာတ်ငွေ့ဖြည့်ဗုံး ဆိုတာက အဲဒီအငွေ့ကို ရှူရှိုက်လိုက်ရင် မျက်ရည်တွေ ကျလာမယ်။ အရင် မိတ္ထီလာမှာတုန်းက သုံးသလို မီးလောင်သွားတာမျိုး မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကို အဓိကရုဏ်း နှိမ်နင်းခြင်းနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂက သင်တန်းပေးခဲ့ပြီး ယင်းသင်တန်းမှ သင်တန်းသားများသည် ထပ်မံ ပြန်လည် သင်ကြားပေးလျက် ရှိကြောင်း၊ လက်နက်များ ရောက်ရှိလာခြင်းမှာ မန္တလေးတိုင်းအတွက် ခွဲတမ်းအဖြစ် ရောက်ရှိလာခြင်း ဖြစ်ကာ ပဋိက္ခဖြစ်စဉ်များကြောင့် မြန်ဆန်စွာ ချထားပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

“ဖြစ်စဉ်တွေ ပြန်ကြည့်ရင် အရင်းအမြစ်ပေါ့။ တကယ်လိုအပ်တာ အရင် ရဲတပ်ဖွဲ့ကစပြီး လုံခြုံရေး ယူထားတယ် မဟုတ်လား။ လူမလောက်လို့လား။ သတင်းအမှန် ထုတ်ပြန်ဖို့ အားနည်းသွားတာလား။ ဘာလို့ ကျယ်ပြန့်သွားတာလဲ။ ရဲတပ်ဖွဲ့ဝင်တွေ ရှေ့မှာတင် လုပ်နေကြတာ အားလုံးအသိပါပဲ။ ကျွန်တော် မြင်တာကတော့ ကြိုတင်စီစဉ်ပြီး အကာအကွယ် ကျကျနန လုပ်တယ်လို့ မြင်ပါတယ်” ဟု အမရပူရမြို့နယ်တွင် နေထိုင်သော အမရသုခ ကုသိုလ်ဖြစ်ဆေးခန်း အဖွဲ့ဝင် ဦးအောင်ဆန်းဝင်းက ပြော ကြားသည်။

ငယ်သည့်အမှုကို မကြီးကြီးစေရန် ပြုလုပ်ပြီး ကယ်တင်ရှင် ပုံစံနှင့် ဝင်သည့် ပုံစံနှင့် နည်းဗျူဟာများမှာ အနည်းငယ် ရိုးစင်းနေပြီဟု မဟာအောင်မြေ မြို့နယ်အတွင်း နေထိုင်သော လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးညီညီကျော်က ဝေဖန်သည်။

“မန္တလေးမှာ လူအသေအပျောက်အထိ ဖြစ်ခဲ့ရတဲ့ အခြေအနေကို ဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တုံ့နှေးမှုကို လက်မခံပါဘူး” ဟု မန္တလေးမြို့ အစ္စလာန် ပရမတ္ထ မိသားစုအဖွဲ့ ဂိုဏ်းချုပ်ဆရာတော် ဦးသိန်းဝင်းအောင်က ပြောကြားသည်။

မန္တလေးတွင် လူအုပ်စုလိုက် ပြစ်မှုကျူးလွန်ပါက ဖြိုခွင်းရေးအတွက် ထိထိရောက်ရောက် အမြန်ဆုံး ဆောင်ရွက်သွားမည့်အပြင် လိုအပ်ပါက မန္တလေးတိုင်း အတွင်းရှိ နယ်မြေရဲများကို စုစည်း ခေါ်ယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။

ွှThe Voice Weekly

No comments:

Post a Comment