Sunday, July 6, 2014

မန္တလေးပဋိပက္ခ အစိုးရကိုင်တွယ်မှုအပေါ် မေးခွန်းထုတ်

မိတ္ထီလာအရေးအခင်းအပြီး တစ်နှစ်ကျော် အကြာတွင် ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခကို လုံခြုံရေး အရာရှိများနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အပါအ၀င် အစိုးရအရာရှိ များက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပါမလားဆို သည့်အပေါ် ပြည်သူအားလုံးနှင့် ကမ္ဘာက စောင့်ကြည့်နေသည်။
ပဋိပက္ခဖြစ်ပွားပြီး လေးရက် ကြာသည့်တိုင် မထိန်းသိမ်းနိုင် သေး၍ အစိုးရ၏ ကိုင်တွယ်မှု အ ပေါ် မေးခွန်းထုတ်မှုများရှိလာ သည်။
‘‘ဒီကိစ္စက အုပ်ချုပ်ရေးပိုင်းက ကြိုသိထားနေတာပဲ။ ကြိုတင် ကာကွယ်မှုတွေ လုပ်ထားနိုင်ရင် ဒီလောက် မဖြစ်နိုင်ပါဘူး သိရဲ့ သားနဲ့ဆိုတော့ အားနည်းချက်တွေ အများကြီးရှိတယ်လို့မြင်တယ်’’ဟု မန္တလေးအခြေစိုက် ရှမ်းနီ(တိုင်းလိုင်) အမျိုးသားများ ဖွံ့ ဖြိုးတိုးတက်ရေးပါတီအတွင်းရေးမှူး ဦးစောဝင်းထွန်းကပြောသည်။
ပြဿနာများ၊ ပဋိပက္ခများသည် ၂၀၁၅ ရွေးကောက်ပွဲနီးမှ ဖြစ်ပွားလာခြင်းသည် တိုက်ဆိုင်မှု၊ သာမန်သွေးရိုးသားရိုးဆိုသည်မှာ ပြောရခက်ကြောင်း ၎င်းက ဆက်လက်သုံးသပ်သည်။
‘‘မမြင်နိုင်တဲ့ အပိုင်းတွေ အများကြီးရှိနိုင်တယ်လို့ ခံယူတယ်’’ဟု ဆိုသည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘာသာရေးကို အသုံးပြုပြီး နိုင်ငံရေးလုပ်နေကြောင်း ပြောကြားထားသည်။
မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ NLD အပါအဝင် နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက်များ၊ သေဆုံးသူများ၏ နာရေးဖိတ်စာများကို အတုအယောင်ပြုလုပ်ခြင်း၊ ပိုမိုဒေါသထွက်စေမည့် အရေးအသားများ ထည့်သွင်းဖြန့်ချိခြင်းများ ပြုလုပ်ကာ ဝါဒဖြန့်ချိမှုများရှိခဲ့သောကြောင့်ဖြစ်သည်။
‘‘မန္တလေးကိစ္စမှာတော့ ပဋိပက္ခတွေ နောက်ထပ်မဖြစ်အောင် အများကြီးအရေးကြီးတယ်လေ။ သိမှာပဲလေ အဖွဲ့ချုပ်က ကြေညာချက်ထုတ်တယ်။ ထုတ်ထုတ်ချင်း အတုထွက်လာတယ်။ အဲဒီကတည်းက ဘာသာရေးကို နိုင်ငံရေးအရ သုံးနေပြီလားဆိုတာ အဖွဲ့ ချုပ်အနေနဲ့ အများကြီးစဉ်းစားရမယ့်ကိစ္စဖြစ်လာပြီ’’ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အစိုးရသစ်လက်ထက်တွင် တစ်စတစ်စကြီးထွားလာသည့် ပဋိပက္ခများသည် သွေးရိုးသားရိုး မဟုတ်ဘဲ အခြားသော ပယောဂများကြောင့် ဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ပြောကြားထားသည်။
ဖြစ်ပွားနေသည့် ပဋိပက္ခများသည် မှုခင်းများကို အခြေခံပြီး ဖြစ်ပွားခဲ့ခြင်းကြောင့် အမှုအခင်းများအား အမြန်ဆုံးကိုင်တွယ်အရေးယူရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ၏ သာသနာရေးအကြံပေး ဦးစိန်ဝင်းအောင်က ပြောသည်။
‘‘လုံခြုံရေးကိုတိုးဖို့ လိုတယ်။ပြည်သူတွေကလည်း အဖြစ်မှန်ထက် ပိုပြီးပြောဆိုတာတွေ ရှောင်ကြဉ်ဖို့လိုတယ်’’ဟု ဦးစိန်ဝင်း အောင်က ပြောသည်။
‘‘ထိရောက်တဲ့ လုံခြုံရေးလိုအပ်တယ်။ ရပ်ကြည့်ပြီးတော့ ဘာမှ မလုပ်နိုင်ဘဲ။ အထက်အမိန့်မရသေးလို့ ဘာမှ မလုပ်နိုင်တာမျိုးကို အရမ်းစိုးရိမ်တယ်’’ဟု အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ဦးအေးလွင်ကပြောသည်။
မန္တလေးအစိုးရအဖွဲ့ကတော့ မိတ္ထီလာအဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းခဲ့သည့်အတွေ့အကြုံများကို အခြေခံပြီး မန္တလေး ပြဿနာကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ကြေညာထားသည်။
ယခုတစ်ခေါက်တွင်ရော မိတ္ထီလာဖြစ်စဉ်ကဲ့သို့ အကြမ်းဖက်များက မန္တလေးအစိုးရ၏ လုံခြုံရေးအစီအစဉ်များကို အနိုင်ရ သွားမလား(သို့) မန္တလေးအစိုးရ ၏ လုံခြုံရေးအစီအစဉ်များက အကြမ်းဖက်အစီအစဉ်များကို အနိုင်ရသွားမလားဆိုသည့် မေးခွန်းအတွက် ၀န်ကြီး ချုပ်ဦးရဲမြင့်နှင့်သူ၏ အစိုးရ အဖြေပေးရမည့် အချိန် ရောက်လာပြီဖြစ်သည်။
သေဆုံးသူ ၄၀ ကျော်၊ ဒဏ်ရာရသူ ၈၀ ကျော်နှင့် ထောင် သောင်းချီသော လူများအိုးမဲ့အိမ် မဲ့ဖြစ်ခဲ့ရသည့် ၀မ်းနည်းဖွယ်မိထ္ထီလာအဖြစ်ဆိုးသည် သမ္မတဦးသိန်းစိန်လက်ထက်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအနက် ရခိုင်ပဋိပက္ခပြီးလျှင် ဒုတိယအသေအပျောက် နှင့် အပျက်အစီးအများဆုံးပဋိပက္ခဖြစ်ခဲ့ရသည်။
မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် လုံခြုံရေးအရာရှိများနှင့် မန္တ လေးတိုင်းဒေသကြီး အစိုးရအပါအ၀င် အစိုးရအရာရှိများအနေဖြင့် ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်အတွက် လုံလောက်သည့် ကာကွယ်မှုများမပေးနိုင်ခဲ့ကြောင်း ပြည်တွင်းပြည်ပမှ ဝေဖန်မှုများကို အပြင်းအထန်ခံခဲ့ရသည်။
မိတ္ထီလာဖြစ်စဉ်အပြီး တစ် နှစ်ကျော်အကြာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် သမ္မတ ဦးသိန်းစိန်အစိုးရအတွက် နောက်တစ်ကြိမ် စိန်ခေါ်မှုတစ်ခု ထပ်မံ ကြုံလာရပြီဖြစ်သည်။
ယခုတစ်ခေါက်စိန်ခေါ်မှုသည် ဒေသဆိုင်ရာအစိုးရရုံးစိုက်ရာ တိုင်းဒေသကြီးမြို့တော်ဖြစ်သည့် မန္တလေးမြို့တွင် ဖြစ်သည်။ မန္တလေးပဋိပက္ခသည် မြန်မာ ဘုရင်တို့၏ နောက်ဆုံးနန်းစိုက်ရာ ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့ ကြီးအတွက် စိန်ခေါ်မှုဖြစ်သလို ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် သူ၏ အစိုးရအတွက်လည်း ကြီးမားသော စိန်ခေါ်မှုတစ်ခုလည်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် သစ်ထူးလွင်အွန်လိုင်းသတင်းဌာန၏ ဇွန် လ ၃၀ တွင် ဖော်ပြသည့် ဘာသာခြားအမျိုးသားနှစ်ဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် သတင်းထွက်ပေါ်လာပြီး ကောလာဟလများကို အကြိမ်ကြိမ်တောင့်ခံထားခဲ့သည့် မန္တလေးမြို့တွင် ပြဿနာများ စတင်ဖြစ်ပွားခဲ့သည်။
ယခုဖြစ်စဉ်မဖြစ်မီ မန္တလေး မြို့သာမက တိုင်းဒေသကြီး တစ်ခုလုံးတွင် အကြမ်းဖက်သမားအချို့ ၏ ခြိမ်းခြောက်မှုကို အကြိမ်ကြိမ် ခံခဲ့ရသည်။ မန္တလေး၊ ပခုက္ကူနှင့် စဥ့်ကူ စသည့် ဒေသများတွင် လူနေရပ်ကွက်များ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ ဘာသာရေးပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခြိမ်းခြောက်မှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် မိတ္ထီလာပဋိပက္ခ၏ ကြေကွဲ ဖွယ်ဖြစ်ရပ်များကို သင်ခန်းစာယူ ပြီး မန္တလေးမြို့တွင်ဖြစ်ပွားနေ သည့် မငြိမ်သက်မှုများကို အဆုံးသတ်ပြီး တည်ငြိမ်မှုရရှိအောင် အမြန်ဆုံးဆောင်ရွက်ကြရန် မိတ္ထီလာမြို့မှ ဆရာတော်ဦးဝိသုဒ္ဓက မိန့်ကြားသည်။ ဆရာတော် ဦးဝိသုဒ္ဓသည် မိတ္ထီလာပဋိပက္ခအတွင်း အစ္စလာမ်ဘာသာဝင် ရှစ်ရာကျော်အား သူ၏ကျောင်းတိုက်အတွင်း ခိုလှုံခွင့်ပေးခဲ့ပြီး လာရောက်ရန်ရှာသည့် အကြမ်းဖက်တိုက်ခိုက်သူများအားလည်း ရဲရဲရင့်ရင့်ရင်ဆိုင်ခဲ့သည့် ဆရာတော်တစ်ပါးဖြစ်သည်။
‘‘တစ်ဦးနဲ့ တစ်ဦးအပြန်အလှန် အာဃာတမထားဘဲနဲ့ ကြားက သွေးထိုးလှုံ့ဆော်မှုတွေကို မယုံဘဲနဲ့ အပြန်အလှန်လေးစားမှုနဲ့ ဆောင်ရွက်စေချင်ပါတယ်’’ဟု ဆရာတော်ဝိသုဒ္ဓက မိန့်ကြား သည်။
၂၀၁၄ နှစ်ဦးပိုင်းတွင် သူ၏ ကျောင်းတိုက်တည်ရှိရာ ရပ်ကွက်အတွင်းတွင် မတူညီသည့် ဘာ သာဝင်နှစ်ဦးအကြား ဖြစ်ပွား သည့်ရန်ပွဲကို ဒေသခံများ၊ ဘုန်းတော်ကြီးများနှင့် ရပ်ကွက်အာဏာပိုင်များ ပူးပေါင်းကာ ဖြေ ရှင်းနိုင်ခဲ့သောကြောင့် ယင်းကဲ့သို့ပဋိပက္ခဖြစ်စေမည့် အကြောင်း တရားများ ပေါ်ပေါက်ပါက အောက်ခြေအုပ်ချုပ်ရေးအရာရှိများအနေဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်သင့်ကြောင်း ဆရာတော်ဝိသုဒ္စက မိန့်ကြားသည်။
ယခင် အဖြစ်အပျက်များကြောင့် သံဃာ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိပြီး ပဋိ ပက္ခကို အလျင်အမြန် အဆုံးသတ်စေရေး ကြိုးပမ်းလုပ်ဆောင်ရန် အစိုးရအား တိုက်တွန်းမှုများလည်း ပြုလုပ်နေပြီဖြစ်သည်။
အစိုးရဘက်ကလည်း တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ဇူလိုင် ၃ ရက်က ထုတ် ဖော်ပြောဆိုခဲ့သည်။ ထို့အပြင် မြို့နယ်ခုနစ်မြို့နယ်၌ ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့သည်။
မန္တလေးဖြစ်စဉ်တွင် မိတ္ထီလာ၊ ရခိုင် စသည့်ဖြစ်စဉ်များကဲ့သို့ပင် နှစ်ဖက်ဘာသာဝင်များ ဒေါသထွက်စေမည့် အရေးအသားများ၊ အွန်လိုင်းဝါဒဖြန့်ချိရေး လှုပ်ရှားမှုများကို ဗုဒ္ဓဘာသာဝင် အမည်ခံ လှုံ့ဆော်သူများရော၊ အစ္စလာမ်ဘာသာဝင် အမည်ခံ လှုံ့ဆော်သူများပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။
အစ္စလာမ်ဘာသာဝင် အမည်ခံ လှုံ့ဆော်သူများက ဗုဒ္ဓဘာသာ အကြမ်းဖက်သမား စသည့် အသုံးအနှုန်းများ သုံးစွဲလျက် ဗုဒ္ဓဘာသာအမည်ခံ လှုံ့ဆော်သူများက ဗလီများအား ဖျက်ဆီးတိုက်ခိုက်ရန် စသည့်အသုံးအနှုန်းများ သုံးစွဲလျက်တစ်ဖက်နှင့်တစ်ဖက် ဆွပေးလျက်ရှိသည်။
ပြည်သူများကတော့ အေးချမ်းမှုကိုသာ တောင့်တနေသည်။

7 Day Daily

No comments:

Post a Comment