Monday, July 28, 2014

နယ်စပ်ပြဿနာများ ဖြေရှင်းရန် ကော်မတီ ဖွဲ့စည်းပြီးဟု အိန္ဒိယသံရုံး တာဝန်ရှိသူများ ပြောဆို

မြန်မာ-အိန္ဒိယနယ်စပ်တွင် ဖြစ်ပေါ်လျက်ရှိသည့် နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာ၊ အိန္ဒိယဘက်မှ မြေကျူးကျော်မှုများနှင့် ပတ်သက်ပြီး ဖြေရှင်းနိုင်မည့် ကော်မတီ ဖွဲ့စည်းပြီး ဖြစ်ကြောင်း အိန္ဒိယသံရုံး တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက် အဖွဲ့ဝင်များထံမှ သိရှိရသည်။


အိန္ဒိယနိုင်ငံ သံရုံး၏ ကမ်းလှမ်းချက်အရ ကလေးမြို့ တောင်ဇလပ် ဟိုတယ်တွင် ဇူလိုင်လ ၂၇ ရက်နေ့က သံရုံးတာဝန်ရှိသူများနှင့် အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်တို့ တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်ကြောင်း ယင်းကွန်ရက် အဖွဲ့ဝင် ဦးကျော်သက်ဝင်းက ပြောဆိုသည်။

“ဒီကိစ္စဖြေရှင်းဖို့ ကော်မတီ ဖွဲ့ထားပြီးပြီဆိုတာ သူတို့ပြောမှ သိရတယ်။ မြန်မာအစိုးရဘက်က ဘာသံမှ ထွက်မလာသေးဘူး။ ဒီလို ဖွဲ့တာလည်း မပြောဘူး။ ဘာလုပ်နေတယ် ဆိုတာလည်း မပြောဘူး။ ဖွဲ့ထားတယ် ဆိုတာသိရင် ကျွန်တော်တို့ ဆန္ဒပြစရာလည်း မလိုဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

BJP ပါတီ အာဏာရပြီးနောက်ပိုင်း ကဘော်ဒေသကို အိန္ဒိယနိုင်ငံက ပိုင်ဆိုင်ကြောင်း ထုတ်ပြန်မှု၊ အငြင်းပွားနယ်မြေတွင် အိန္ဒိယနိုင်ငံက စစ်ဆေးရေးဂိတ် (Integrated Check Post -ICP) တည်ဆောင်မည့် ကိစ္စနှင့် ဧက ၃၀၀၀ ကျော် အသုံးပြုပြီး အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အဖြစ် သတ်မှတ်မည့် ကိစ္စများကို မေးမြန်းခဲ့သော်လည်း ထိရောက်သည့် ဖြေဆိုမှုမျိုး မပေးဘဲ နယ်စပ်ကိစ္စနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်းများ အနေနှင့် ဆန္ဒပြကန့်ကွက်မှုများ မလုပ်ရန်၊ ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်သည့် အခါတွင်လည်း ၎င်းတို့နှင့် တိုက်ရိုက်တွေ့ဆုံ ဖြေရှင်းမှုများ လုပ်ရန်သာ ပြောဆို ခဲ့ကြောင်း အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက် အဖွဲ့ဝင်များက ပြောကြားသည်။

“အိုင်စီတီနေရာက နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းနိုင်တယ် ဆိုပေမယ့် သူပုန်ပေါလို့ နယ်စပ်အတွက် လုံခြုံမှု မရှိဘူးလို့ မြင်တယ်” ဟု ယင်းကွန်ရက် အဖွဲ့ဝင် ဦးကြည်ရအောင်က မှတ်ချက်ပြုသည်။

နယ်စပ်ရှိ အငြင်းပွားနယ်နိမိတ်နှင့် လွတ်ကင်းမှု မရှိသည့် ကျေးရွာများ၊ အဆောက်အဦများကို ဖယ်ရှားပေးရန် မြန်မာအစိုးရက တောင်းဆိုထားခြင်း ရှိသည့်အတွက် မည်သို့ ဆောင်ရွက်နေကြောင်း မေးမြန်းရာ နယ်နိမိတ် ပြဿနာမှ ယခင်ကတည်းက ဖြစ်ပေါ်လျက်ရှိသော အရာဖြစ်ကြောင်း၊ အချို့ကိစ္စရပ်များသည် ဥပဒေအတိုင်း ဖြေရှင်းလျှင် ရှုပ်ထွေးနိုင်သောကြောင့် လူမှုရေးအရ ဖြေရှင်းခြင်းက ပိုသင့်တော်မည် ဖြစ်ကြောင်း၊ ဖြေရှင်းရာတွင် ရနိုင်သမျှ နည်းလမ်းများနှင့် လူမှုရေး၊ စီးပွားရေး၊ ပထဝီ နယ်နိမိတ်များအရ ညှိနှိုင်းသွားမည်ဟု အိန္ဒိယသံရုံး တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ယင်းဆွေးနွေးပွဲ တက်ရောက်သူများထံမှ သိရှိရသည်။

ယင်းတွေ့ဆုံပွဲသို့ မီဒီယာများ ဝင်ရောက်ခွင့် မရခြင်းမှာ အိန္ဒိယသံရုံး၏ အစီအစဉ် ဖြစ်သောကြောင့် ဝင်ရောက်ခွင့် မပေးခြင်း ဖြစ်ကြောင်း ဦးကျော်သက်ဝင်းက ပြောကြားသည်။

မြန်မာ-အိန္ဒိယနယ်စပ် နယ်နိမိတ် ပြဿနာများနှင့် ပတ်သက်၍ နှစ်နိုင်ငံ အစိုးရအနေနှင့် အမြန်ဆုံး ဖြေရှင်းပေးရန်အတွက် ကလေး-ကဘော်ဒေသရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဇူလိုင်လအတွင်း ကလေးမြို့တွင် နှစ်ကြိမ်၊ တမူးနှင့် မင်းကင်းမြို့များတွင် တစ်ကြိမ်စီ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment