Monday, July 28, 2014

သာကေတ (၁) ဈေး မီးလောင်မှု အကြောင်းရင်း မသိရသေး

သာကေတမြို့နယ်၊ အမှတ် (၁) အနော်မာရပ်ကွက်၊ ဇင်္ဂမာလမ်းရှိ အမှတ် (၁) ဈေးတွင် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက ဆိုင်ခန်း ၄၀ နီးပါး မီးလောင် ဆုံးရှုံးခဲ့ရသော အကြောင်းရင်းကို ဇူလိုင်လ ၂၇ ရက်နေ့အထိ စုံစမ်း စစ်ဆေးဆဲသာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ဆိုင်ခန်းပေါင်း ၁၂၀၆ ခန်း၊ ဈေးရုံပေါင်း ၂၂ ရုံ ရှိသော အမှတ် (၁) ဈေးရှိ ဈေးရုံအမှတ် (၁) မှ ၃၉ ခန်းမှာ မီးလောင်ဆုံးရှုံးခဲ့ပြီး ဖိနပ်၊ အဝတ်အထည်၊ ဒန်အိုးဒန်ခွက်၊ ကုန်ခြောက်၊ စတီးပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါဈေး ဆိုင်ခန်းအမှတ် ၂၀ တွင် ဖွင့်လှစ်ထားသော ဖိနပ်အရောင်းဆိုင်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး အခြားဆိုင်ခန်းများသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ ဆိုင်ခန်း (၃၉) ခန်း မီးလောင် ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် လောင်ကျွမ်းခဲ့သော ဆိုင်ခန်းများနှင့် မီးလောင်ပြင်ကို ရှင်းလင်းရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယာယီ ပြန်လည် နေရာချထားပေးရေးနှင့် မီးဘေးသင့် ဆိုင်ခန်းများ၏ ပိုင်ရှင်များကို ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ကို အထက်မှ ညွှန်ကြားချက် မရသေးကြောင်း အမှတ် (၁) ဈေးတာဝန်ခံရုံးမှ စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“လောလောဆယ်တော့ မီးလောင်သွားတဲ့ ဆိုင်ခန်းတွေနဲ့ ပတ်သက်ပြီး ဘာမှမကြားသေးဘူး။ မီးလောင်နေတဲ့ ဆိုင်တွေကိုတော့ ပိတ်ထားတယ်” ဟု မီးလောင်ခဲ့သော ဆိုင်ခန်းများအနီး အုန်းသီး၊ ငှက်ပျောသီး ရောင်းချနေသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါဆိုင်ခန်း ၃၀ ကျော် မီးလောင်မှုကြောင့် ဒေါပုံမြို့နယ်တွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ် ဦးအောင်နိုင်စိုးကို သာကေတ မြို့မရဲစခန်းက (ပ) ၃၄၉/ ၂၀၁၄၊ ပြစ်မှုပုဒ်မ- ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


The Voice Weekly

No comments:

Post a Comment