Monday, July 7, 2014

ကောလာဟလဖြေရှင်းရေးဌာန မန္တလေး၌ ဖွင့်မည်

ကောလာဟလသတင်းများ ချေဖျက်ရန်၊ သတင်းအမှန်ထုတ်ပြန်ရန် သံသယများ၊ အထင်အမြင်လွဲမှု များကို ဖြေရှင်းရန် ရည်ရွယ်၍ ဘုရားကြီးအလယ်တိုက်ရှိ ဦးခေမာကျောင်း တိုက်တွင် ကော်မတီရုံးခန်း ဖွင့်လှစ်သွားမည်ဟု ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

“ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေကို အခြေအနေ ပိုမိုမဆိုးရွားစေဖို့ ထိန်းသိမ်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပုံမှန် အခြေအနေပြန်လည်ရောက်ရှိအောင် ဆောင်ရွက် သွားကြမှာပါ”ဟု ၎င်းက မိုးကောင်းကျောင်း တိုက်တွင် ပြုလုပ်သည့် သြ၀ါဒ ခံယူပွဲတွင် ပြောသည်။

ထို့ပြင်အမှုအခင်းဖြစ်စဉ်များကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းရေး တွန်းအားပေးရန် စီစဉ်မည်ဟု ဆိုသည်။

“ဖွဲ့သင့်တဲ့ အချိန်ကျရောက်လာလို့ ဖွဲ့ရတာပါ။ ပဋိပက္ခဖြစ်ပွားတာနဲ့ အရောက်သွား ဖြေ ရှင်းပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ။ ပြီးတော့ ဒီအဖွဲ့က အပြီးဖွဲ့တာ မဟုတ်ဘူး။ မန္တေလေးမြို့ကြီး ငြိမ်းချမ်းသွားတာနဲ့ ပြန်လည်ဖျက်သိမ်းသွာမှာပါ”ဟု ဦးသိန်းသန်းဦးက ပြောသည်။

ပဋိပက္ခဖြစ်ပွားလာပါက ချက်ချင်းလာရောက်ကူညီဖြေရှင်းပေးနိုင်ရန် ဖုန်းနံပါတ်များ ထုတ်ပြန်ပေးရန် စီစဉ်ထားသည်။

“ပူးပေါင်းဆောင်ရွက်ဖို့ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ သက်ဆိုင်ရာမြို့နယ်တွေက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်”ဟု ဦးသိန်းသန်းဦးက ပြောသည်။

မစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူကမူ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး(မဘသ)ပါဝင်မှု မရှိခဲ့၍ မန္တလေးမြို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု မိန့်သည်။

“မဘသအနေနဲ့ ကိုင်တွယ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ပြဿနာဖြစ်ပွားခဲ့တာ မရှိခဲ့ပါဘူး”ဟု ဦးဝီရသူက ပြောသည်။

ထို့ပြင် နှစ်ဖက်ဘာသာဝင်များအကြား အမှန်တကယ်ငြိမ်းချမ်းလိုစိတ်ရှိပါရဲ့လားဟုလည်း ဦးဝီရသူက မေးခွန်းထုတ်ခဲ့သေးသည်။ ခင်မကန်ဆရာတော်ကြီးကမူ ပဋိပက္ခဖြေရှင်းရာတွင် ဘာသာခြားများ ပူးပေါင်းပါဝင်မှု လျော့နည်းနေသည်ဟု သြ၀ါဒပေးခဲ့သည်။

“အစိုးရအနေနဲ့ ပြည်ပက လာနေတဲ့သူတွေကို နေထိုင်ခွင့်မပြုဖို့၊ သမိုင်းကြောင်းအခြေအနေကို လေ့လာဖို့ လိုတယ်” ဟု ဆရာတော်ကြီးက မိန့်သည်။

ဂဠုန်နီဆရာတော်ကမူ လိုက်လံထိန်းသိမ်းမှုများတွင် နှုတ်ဖြင့် ပြောဆို၍မရပါက တုတ်ဖြင့် ပြောမည်ဟု မိန့်သည်။ ထို့ပြင်တစ်ဦးတစ်ယောက်မှစသည့် ပြဿနာကြောင့် တစ်မြို့လုံးနီးပါး ပြာကျသွားခဲ့သည့် မိတ္တီလာဖြစ်စဉ်ကို နမူနာယူကြရန်လည်း တိုက်တွန်းခဲ့သည်။ ကော်မတီကို ဇူလိုင် ၄ ရက်တွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ဟိန္ဒူနှင့် ခရစ်ယာန်ဘာသာဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Mizzima

No comments:

Post a Comment