Monday, July 7, 2014

အရေးကြီးချိန်ရောက်ပြီဟု လူငယ်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး

ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အင်မတန်အရေးကြီးသည့် အချိန် ဖြစ် သည်ဟု ဒေါ်အောင်ဆန်း စုကြည်က တော်ဝင်နှင်းဆီခန်းမ၌ ဇူလိုင် ၆ ရက်က ပြုလုပ်သည့် လူငယ်ညီလာခံ ဒုတိယနေ့တွင် ပြောကြားလိုက်သည်။

“ကျွန်မတို့နိုင်ငံဟာအခုအချိန်မှာ အင်မတန်မှ အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီဆိုတာကို လူငယ်များ နားလည်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့ အရေးကြီးတဲ့ကာလလို့ ပြောရလဲဆိုတော့ ၂၀၁၀ ထဲက ဒီမိုကရေစီပြုပြင်ရေး လမ်းကြောင်းပေါ် ရောက်လာပါပြီလို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့တကယ်တော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းပေါ် မရောက်သေးပါဘူး။ ရောက်ဖို့ ကြိုးစားနေတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ အဲလိုကြိုးစားနေတဲ့အထဲမှာ နိုင်ငံရေးကို စိတ်ပါဝင်စားတဲ့ ပုဂ်္ဂိုလ်တွေက ရှေ့တန်းကနေ ကြိုးစားရမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ခုကို ၀င်လိုက်ပြီဆိုရင် နိုင်ငံရေး အရ သာမန်နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ မတူတော့ပါဘူး။ နိုင်ငံသူ၊နိုင်ငံသားအားလုံးဟာ နိုင်ငံရေးကို စိတ်ပါဝင်စားသင့်တယ်။ နိုင်ငံရေးတာဝန်တွေဟာ ကိုယနဲ့သက်ဆိုင်တယ်ဆိုပြီးတော့ စိတ်ထား သင့်တယ်လို့ ကျွန်မ မကြာခဏပြောပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးပါတီတစ်ခုရဲ့အဖွဲ့ဝင်အဖြစ် လှုပ်ရှားပြီဆိုရင်တော့ ပါတီဝင်မဟုတ်တဲ့ ပြည်သူတွေထက် ပိုပြီးတော့ နိုင်ငံရေးတာဝန်တွေကို ယူရမယ်”ဟု ၎င်းက ပြောကြားသည်။

ယခုအချိန်တွင်NLD ပါတီက လုပ်ဆောင်နေသည့် အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို မည်သည့် အတွက်ကြောင့် လုပ်ရသည်ကို ပြည်သူလူထုကို ရှင်းပြရန်၊ ပြည်သူနားလည် မှသာ ထောက် ခံမှု တောင်းခံရန်လည်း ပြောသည်။

လူငယ်ညီလာခံကို နှစ်ရက်တိုင် ကျင်းပခဲ့ပြီး လူငယ်ခေါင်းဆောင် ၁၅ ဦးကို ရွေးချယ်ခဲ့သည်။ ယင်းတို့အထဲတွင် အမျိုးသမီးခုနစ်ဦးနှင့် တိုင်းရင်းသားလူငယ်များလည်း ပါဝင်လာသောကြောင့် ကျေနပ်မိ သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Mizzima

No comments:

Post a Comment