Monday, July 7, 2014

သတင်းထောက်နှင့် သတင်းဌာနများကို ခြိမ်းခြောက်မှုများရှိနေ

မန္တလေးပဋိပက္ခတွင် သတင်းထောက်များကို ပစ်မှတ် ထားခြိမ်းခြောက်မှုများ ရှိနေပြီး ယင်း ခြိမ်းခြောက်မှုများအား အရေးယူဆောင်ရွက်ပေးရန် စာ နယ်ဇင်းအဖွဲ့အစည်းများမှ တစ် ဆင့် အစိုးရထံတောင်းဆိုသွား မည်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်းဌာနများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စတင် ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခ များအတွင်း အခင်းဖြစ်ပွားရာ နေရာများသို့ သွားရောက် သတင်းရယူနေသော သတင်းထောက် များအား ဓာတ်ပုံရိုက်ကူးကာ ယင်းသတင်းထောက်များအား တိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်ခြင်းနှင့် သတင်းဌာနများအားနည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများစွာ ဖြစ်ပွားလျက်ရှိသည်။
Marn Htan Myo အမည် ဖြင့် ဖေ့စ်ဘွတ်ခ် သုံးစွဲသူတစ်ဦးက ကင်မရာကို ဖျက်ဆီးပုံ၊ ဖျက်ဆီးနည်းများ ဖြန့်ဝေခဲ့ပြီး မန္တလေးတွင်ရောက်ရှိနေသည့် သတင်းထောက်များ၏ ကင်မရာများကိုဖျက်ဆီးပစ်ကြရန် လှုံ့ဆော်ရေးသားခဲ့ကြသည်။
‘‘ကင်မရာကို ကွမ်းတံတွေး နဲ့ ထွေးတာ၊ တံတွေးနဲ့ ထွေးတာ၊ သဲနဲ့ မှန်ဘီလူးထဲထည့်လိုက်တာ ဒါတွေကတော့ စနစ်တကျလုပ် ထားတယ်လို့ပဲ ယုံကြည့်လို့ရတဲ့ အချက်အလက်တွေ။ ဒါမှမဟုတ်  သူ့မှာ အတွေ့အကြုံရှိပြီးသား။ ဒီ လိုမျိုးတော့ ယေဘုယျယူဆလို့ရ တာပေါ့’’ဟု မဇ္ဈိမသတင်းဌာန၏ မြန်မာပိုင်းတာဝန်ခံ ဦးမျိုးသန့်က  ပြောသည်။
ထို့အပြင် သတင်းရယူနေ သည့် သတင်းထောက်များကို စနစ်တကျ မှတ်တမ်းတင်ခဲ့ကာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်များ တွင်သတင်းထောက်များကို ဓာတ်ပုံနှင့်တကွတင်ပြီး တိုက်ခိုက်ကြရန် လှုံ့ဆော်ခဲ့ကြသည်။
‘‘ဖေ့စ်ဘွတ်ခ်ထဲမှာ ကျွန် တော်တို့ ဓာတ်ပုံဆရာရဲ့ဓာတ်ပုံ ကို ဖြန့်ပြီးတော့ ဒီလူကိုတွေ့ရင် တော့ ၀ိုင်းပြီးတော့ တွယ်လိုက် ကြ၊ နှက်လိုက်ကျလို့ သဘော ရောက်စေတဲ့ အရေးအသားတွေ ဖြန့်ပါတယ်’’ဟု ဧရာဝတီသတင်း ဌာန၏ တာဝန်ခံအယ်ဒီတာဦးရဲ နည်ကပြောသည်။
အခင်းဖြစ်ပွားရာနေရာများ သို့ သွားရောက်သတင်းရယူရာ တွင် ရဲတပ်ဖွဲ့နှင့်အတူ သတင်း လိုက်ယူနေရသည့် အခြေအနေ တွင်ရှိကြောင်း၊ ရဲတပ်ဖွဲ့မရှိသည့် နေရာများတွင် လိုက်လံသတင်း ယူသည့်အခါ လူအုပ်စုဖွဲ့ပြီး ခြိမ်းခြောက်မှုမျိုးရှိကြောင်း ဦးရဲနည်ကပြောသည်။
‘‘ရဲတပ်ဖွဲ့အနေနဲ့ သတင်း ထောက်တွေရဲ့ လုံခြုံရေးကို သူတို့နဲ့ အတူတကွရှိနေတဲ့အချိန်မှာ ကာကွယ်ပေးပါတယ်။ အဲဒါကိုကျွန်တော်တို့ လုံးဝအသိအမှတ်ပြုတယ်။ တာဝန်သိတဲ့အ တွက် လေးလည်းလေးစားပါတယ်’’ ဟု ဦးရဲနည်ကပြောသည်။
အကြမ်းဖက်မှုလုပ်နေသည့် အဖွဲ့အစည်းများက ၎င်းတို့ မဖော်ပြစေချင်သည့်ပုံများကို မီဒီယာများက ဖော်ပြမည် စိုးရိမ်သဖြင့် မီဒီယာကို ပစ်မှတ်ထားကာ ခြိမ်းခြောက်လာကြောင်း ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်ကပြောသည်။
‘‘အဓိကခြိမ်းခြောက်တာက တော့ သူတို့မကြိုက်တဲ့ သတင်း တွေ ဖော်ပြနေလို့ပဲ။ ကျင့်ဝတ် ညီတယ်၊ မညီဘူးသူတို့ပြောနေ တာမဟုတ်ဘူး။ သူတို့လည်း နားမ လည်ဘူး။ မီဒီယာကျင့်ဝတ်ဆို တာ ဘာလဲဆိုတာ စွပ်စွဲနေတဲ့သူ တွေက မသိဘူး။ ဒါပေမဲ့ သူတို့ စွပ်စွဲနေတာက ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေက ဒီလိုမျိုးဖော်ပြနေ တာ သူတို့မကြိုက်ဘူး’’ဟု ဦးနေ သန်မောင်ကပြောသည်။
သတင်းမီဒီယာများကို ခြိမ်းခြောက်သူများသည် ဖေ့စ်ဘွတ်ခ်တွင်သာမက အီးမေးလ်၊ ဖုန်းစသည်တို့ဖြင့်လည်း ခြိမ်း ခြောက်မှုများ ပြုလုပ်လျက်ရှိ သည်။
ရန်ကုန်အခြေစိုက် 7 Day သတင်းဌာနကိုလည်း အီးမေးလ်မှတစ်ဆင့် မန္တလေးမြို့ခံ အယောင် ဆောင်ကာ ခြိမ်းခြောက်သည့် စာ များပေးပို့ခဲ့သည်။
‘‘မီဒီယာကျင့်ဝတ်တွေ၊ သတင်းစာကျင့်ဝတ်တွေ၊ ဘာတွေလာမပြောမနေနဲ့။ မင်းတို့ သတင်းထောက်တွေ သတ္တိရှိရင် ညဘက်ကျုံးဘေးလာခဲ့။ ကုလားဘက်ပါမယ်တော့မကြံနဲ့။ မန္တလေးသားတွေ အကြောင်းသိစေရမယ်’’ဟု မန္တလေးမှပေးပို့သည့် ပုံစံဖြင့် tunmrat@gmail.com အမည်ဖြင့် အီးမေးလ်ပေးပို့ကာ ခြိမ်းခြောက်ခဲ့သည်။ အုပ်စုတစ်စုက နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်စာ များကို အီးမေးလ်ဖြင့်ဖြစ်စေဖေ့စ် ဘွတ်ခ်မှ တစ်ဆင့်ဖြစ်စေ မကြာ ခဏရေးသားပေးပို့မှုများ လက်ခံ ရှိကြောင်း ကမာရွတ်မီဒီယာမှ ဦး နေသန်မောင်ကပြောသည်။
‘‘ဒီကိစ္စက မြန်မာပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ကိုလည်း အကြီးအ ကျယ်ခြိမ်းခြောက်နေတာဖြစ် တယ်။ ပြည်သူအားလုံးရဲ့ သတင်းရပိုင်ခွင့်ကိုလည်း ခြိမ်းခြောက် တာဖြစ်မယ်။ အဲဒီခြိမ်းခြောက် နေတဲ့ လူတစ်စုက တစ်စုတည်း ပဲ။ မြန်မာပြည်မှာ အဲဒီဟာ အစိုး ရသိတယ်။ သူတို့ဖော်နိုင်တယ်။ အဲဒီတစ်စုတည်းကမျိုးစုံပတ်ပြီး လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေတာ။ ဒါအန္တရာယ်ရှိတယ်’’ဟု ဦးနေသန်မောင်ကပြောသည်။
သတင်းမီဒီယာများအား ရည်ရွယ်ချက်ရှိရှိစနစ်တကျတိုက် ခိုက်ခြိမ်းခြောက်မှုများကို နိုင်ငံ တကာရှိသတင်းထောက်များနှင့် မီဒီယာလွတ်လပ်ခွင့် အကာအ ကွယ်ပေးသည့်အဖွဲ့အစည်းများ သို့ အကြောင်းကြားထားကြောင်း ဧရာဝတီသတင်းဌာနမှ ဦးရဲနည် ကပြောသည်။
‘‘ပြည်တွင်းမှာရှိတဲ့ သတင်း စာနဲ့ စာနယ်ဇင်းကိစ္စလုပ်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့က လည်း ဒီကိစ္စတွေကို အသိအမှတ် ပြုပြီး သတင်းထောက်တွေရဲ့ အသက်အန္တရာယ်လုံခြုံရေးလုပ် ဖို့မျှော်လင့်ပါတယ်’’ဟု ဦးရဲနည်ကပြောသည်။
မန္တလေးပဋိပက္ခအပါအ၀င် ပဋိပက္ခဖြစ်စဉ်အချို့တွင် သတင်း မီဒီယာများကို သေချာပြင်ဆင် ထားသည့်၊ အကြမ်းဖက်မှုများ စနစ်တကျလေ့ကျင့်ထားသည့် အဖွဲ့အစည်းအချို့က ပြုလုပ်နေသည့် ပုံစံအချို့ကိုတွေ့ရကြောင်း၊ ယင်းကိစ္စများအား အစိုးရအနေဖြင့် ဖိဖိစီးစီးအရေး ယူကိုင်တွယ်သင့်ကြောင်း မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးသီဟစောကပြောသည်။
‘‘အထူးသဖြင့် အကြမ်းဖက် အုပ်စုက သတင်းထောက်တွေကို အတော်ငြိုးနေကြတယ်။ သတင်းထောက်တချို့ကို ဓာတ်ပုံ မှတ်တမ်းရိုက်ယူထားတာမျိုးရှိတဲ့ အတွက် နောက်တစ်ကြိမ်တွေ့ တာနဲ့ ဒုက္ခပေးကောင်းပေးလာ နိုင်တယ်။ ရှေ့တန်းစစ်မြေပြင်လို စွန့်စားသတင်းယူပြီး ပြည်သူကို အဖြစ်မှန်တင်ပြပေးဖို့ ကြိုးစားနေ ကြတဲ့ ကျွန်တော်တို့ရဲ့လုပ်ဖော် ကိုင်ဖက်သတင်းထောက်တွေ အထူးဂရုစိုက်ကြပါ။ ကိုယ့်ကိုယ် ကိုယ်လုံခြုံမှုရှိဖို့က နံပါတ်တစ်ဆို တာ မမေ့ကြဖို့လိုပါတယ်’’ဟု The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
ကမာရွတ်မီဒီယာမှ တင်ပြ ထားသည့် သတင်းများ၏ အောက်တွင် လူမျိုးရေး၊ ဘာသာရေး၊ လိင်စသည့်အကြောင်းအရာ များကို အကြောင်းပြုပြီး အမုန်း တရားများ ဖြန့်ဖြူးခြင်း၊ ခြိမ်းခြောက်မှုများပြုလုပ်ခြင်းစသည်တို့ကို ပြုလုပ်သူများကို မှတ်တမ်းတင်ထားခြင်း၊ သုံးစွဲသူ စာရင်းမှ ပယ်ဖျက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ၎င်းတို့ကို စာရင်းပြုစုပြီး လုံလောက်သည့်အချိန်တွင် အရေးယူနိုင်ရန် အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ကမာရွတ်မီဒီယာမှ ဦးနေသန်မောင်က ပြောသည်။

7 Day Daily

No comments:

Post a Comment