Monday, July 28, 2014

ကြည်လင်းနဲ့ ရန်ကုန်အသင်း ပရိတ်သတ်တွေ ရန်ဖြစ်

Photo: ကြည်လင်းနဲ့ ရန်ကုန်အသင်း ပရိတ်သတ်တွေ ရန်ဖြစ်

ရန်ကုန်၊ ဇူလိုင် ၂၇

ရန်ကုန်ယူ နိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ကြည်လင်းနဲ့ ပရိတ်သတ်တွေဟာ ရန်ကုန် အသင်းရဲ့ အိမ်ကွင်းမှာ ရတနာပုံအသင်းနဲ့ ဒီနေ့ ညနေက ကစားတဲ့ပွဲမှာ ရန်ဖြစ်ခဲ့ကြပါတယ်။

ပွဲချိန် အပြီးမှာတော့ ရိုးရိုးတန်း ထွက်ပေါက်အနီးက အားကစားဆောင်ကနေ ရပ်ကြည့်နေတဲ့ ကြည်လင်းကို ပရိသတ်တွေက ရန်စရာကနေ ပြဿနာဖြစ်ပွားရတာလို့ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ အထွေထွေ မန်နေဂျာ ဦးကျော်လင်းထွေးက ပြောပါတယ်။ ပရိသတ်တွေက ကစားသမားအဆောင်ကို ခဲနဲ့ထုတဲ့အတွက် မှန်နှစ်ချက် ပျက်စီးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

“မင်းတို့ ဘောလုံးသမားတွေက ပိုက်ဆံယူထားပြီး ဘာမှ သုံးမရဘူးဆိုပြီး ပရိသတ်တွေက ပြောတော့ ကြည်လင်းက အပေါ်ထပ်ကနေ ပြေးဆင်းသွားပြီး စကားများရာက ပရိသတ်တွေက ခဲနဲ့ထုတာ” လို့ ဦးကျော်လင်းထွေးက ပြောပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်ဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ရတနာပုံအသင်း ကစားတဲ့ပွဲမှာ ပွဲက စားချိန် မိနစ် ၈၀ ကျော်လာချိန်မှာ သရေ ရလဒ်ထွက်ပေါ်နေတဲ့အတွက် ရန်ကုန်အသင်းရဲ့ ပရိသတ်တွေ က ရေသန့်ဘူးနဲ့ ပစ်ခဲ့ကြပါတယ်။

အဲဒီဘောလုံးပွဲကို လာရောက်အားပေးတဲ့ အမျိုးသမီး ပရိသတ်တစ်ဦးကတော့ ကြည်လင်းဟာ ကစားသမား နားနေဆောင် အပေါ်ထပ်ကနေ ဆင်းလာချိန်မှာ လက်ထဲမှ ဘိလိယက်ထိုးတဲ့ ကျူတံ ပါလာတယ်လို့ ဆိုပါတယ်။ ပရိတ်သတ်တွေရဲ့ ရင်ဘက်ကိုလည်း တွန်းခဲ့တယ်လို့ အဲဒီအမျိုးသမီးက ရှင်းပြပါတယ်။

ရန်ကုန် အသင်းအနေနဲ့ ပရိသတ်တွေ စိတ်ကျေနပ်အောင် စွမ်းဆောင် မပေးနိုင်ခဲ့တဲ့အတွက် ဦးကျော်လင်းထွေးက တောင်းပန် စကားဆိုပါတယ်။ ပရိသတ်တွေ စနစ်တကျ အားပေးနိုင်အောင်၊ အနိုင် အရှုံး လက်ခံနိုင်တဲ့ အားကစား စိတ်ဓာတ် နဲ့ အားပေးနိုင်ဖို့ ပြုပြင်ရဦးမယ်လို့လည်း သူက ပြောပါတယ်။ 

ရန်ကုန်ယူနိုက်တက် အိမ်ကွင်းမှာ ပထမဆုံး အကြိမ်လာကစားတဲ့ ရတနာပုံအသင်းနဲ့ ရန်ကုန်အသင်း ပွဲစဉ်မှာ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ကြည်လင်းဟာ ဒဏ်ရာ ပြဿနာကြောင့် မြန်မာနယ်ရှင်နယ်လိဂ်ပြိုင်နဲ့ လွဲချော်နေသူ ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment