Wednesday, July 16, 2014

ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ပင်မစီမံချက် အပြီးရေးဆွဲရန် အချိန်သုံးလမှ လေးလခန့် ကြာမြင့်မည်

မိုးရာသီကာလ၌ ရန်ကုန်မြို့တွင်း ရေကြီးရေ လျှံမှုများ လျော့နည်းစေရေး ပင်မစီမံချက်ရေး ဆွဲရန် အတွက် ပညာရှင်များနှင့်ဆွေးနွေးခြင်း၊ လိုအပ်သော အချက်အလက် ကောက်ယူခြင်းနှင့် တိုင်းတာမှုများ ပြုလုပ်နေရာ စီမံချက်ပြီးစီးရန် အချိန်သုံးလမှ လေးလခန့် ကြာမြင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ သိရသည်။

နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံနေသည့် ရန်ကုန်မြို့တော်အား ရေကြီးရေလျှံ
မှုများ လျော့နည်းသွားစေရန် ပင်မစီမံချက် ရေးဆွဲလုပ်ဆောင်နေခြင်းဖြစ်ပြီး စီမံချက်အတွက် ကောက်ယူ ရရှိလာသော အချက်အလက်များအပေါ် အခြေခံ၍ စီမံကိန်းရေးဆွဲကာ ကာကွယ်သွားမည်ဖြစ်ကြောင်း၊ သို့သော် ယင်းအတွက် အချိန်သုံးလေးလခန့် ယူရဦးမည်ဖြစ်၍ မိုးကုန်ခါနီးကာလမှသာ ပြီးစီးမည်ဖြစ်ကြောင်း၊ ယင်းပင်မစီမံချက်ဖြင့် လာမည့်နှစ် မိုးရာသီများတွင် ရေကြီးရေလျှံ မှုများကို ကာကွယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ပင်မစီမံချက်အတွက် အချက်အလက်များ ကောက်ယူရာတွင် လွန်ခဲ့သည့် နှစ် ၅၀၊ နှစ် ၁၀၀ ခန့်က ရန်ကုန်မြို့၏ ဒီရေအတက်အကျ၊ မိုးရေချိန်လက်မ စသည်တို့ကိုပါ ကောက်ယူနေပြီး လက်ရှိအချက်အလက်အတော်များများ ရရှိ နေပြီဖြစ်ကြောင်း၊ ယင်းအချက်အလက်များကို မြို့ပြရေစီးရေလာနှင့် ပတ်သက်သည့် ပညာရှင်များနှင့် ပြန်လည်တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပင်မစီမံချက်ရေးဆွဲနေစဉ် ကာလအတွင်း ရန်ကုန်မြို့တွင်း ခြောက်မြို့ နယ်၏ ရေကြီးရေလျှံမှုများလျော့နည်းစေရန် ရေမြောင်းများ၏ အရွယ်အစားများ ချဲ့ခြင်း၊ ရေပြွန်များ ပိတ်ဆို့ခြင်းများအား ရှင်းလင်းခင်း၊ ရွှံ့နှင့်နုန်းများအား ဆယ်ယူခြင်း တို့ကို ပြုလုပ်လျက် ကာကွယ်လျက်ရှိခြင်းကြောင့် မြို့တွင်းနေရာများတွင် ရေကြီးရေလျှံမှုများ အနည်းငယ်သက်သာသွားသည်ဟု လမ်းနှင့် တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားရခြင်းအကြောင်းရင်းအား ရှာဖွေရာတွင် မြို့တွင်းခြောက်မြို့နယ်ရှိ ရေမြောင်းများမှာ အင်္ဂလိပ်ခေတ်လက်ထက်ကတည်း က ဒီဇိုင်းများဖြစ်ပြီး ယင်းဒီဇိုင်းများကိုသာ ယခုထိအသုံးပြုနေရကြောင်း သိရသည်။

အဆိုပါရေမြောင်းစနစ်များမှာ ယခင်လူဦးရေ၊ အဆောက်အအုံများနှင့် တွက်ချက်ပြုလုပ်ထားခြင်းဖြစ်၍ ယခုလက်ရှိ တိုးပွားလာသည့် လူဦးရေ၊ အဆောက်အအုံများကြောင့် ရေ၀ပ်ရေဆင်းနိုင်သည့် ဧရိယာများ လျောနည်းလာခြင်း၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့ခြင်းကြောင့်ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။

ရန်ကုန်မြို့တွင်းတစ်နေရာ၌ ရေကြီးနေသည်ကို ပြီးခဲ့သည့် ဇွန်လအတွင်းက တွေ့ရစဉ်

Eleven

No comments:

Post a Comment