Wednesday, July 16, 2014

(၁၈၇ ) ဘီအမ်ခရီးသည်တင်ယာဉ်တစ်စီး စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် ဒဂုံတောင်-မြောက်လမ်းဆုံ မီးပွိုင့်၌ တိမ်းမှောက်ကာ ခရီးသည် ၂၃ ဦး ဒဏ်ရာရ

 ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီ ခွဲဝန်းကျင်တွင် တောင်ဒဂုံမြို့နယ် ဒဂုံတောင် -မြောက် လမ်းဆုံမီးပွိုင့်၌ တာမွေမှတောင်ဒဂုံ ၁၀၆ သို့ ပြေးဆွဲသည့် (၁၈၇) ဘီအမ်ယာဉ်တစ်စီး စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် တိမ်းမှောက် မှုဖြစ်ကာ ယာဉ်ပေါ်ပါ ခရီးသည် ၂၃ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပုံမှာ တာမွေ မှ တောင်ဒဂုံ ၁၀၆ သို့ ပြေးဆွဲသည့် (၁၈၇) ဘီအမ်ယာဉ်သည် သင်္ဃန်းကျွန်းဘက်မှ တောင်ဒဂုံဘက်သို့ အမှတ်(၂)လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မီးပွိုင့်မိနေသဖြင့် ကွေ့ကြောမှတစ်ဆင့်
မီးပွိုင့်ကိုရှောင်ပြီး တောင်ဒဂုံဘက်သို့ မောင်းနှင်ခဲ့ကြောင်း၊ ထိုသို့ မောင်းနှင်နေစဉ်တွင် ကွေ့ကြောရှိ လမ်းချိုင့်ထဲသို့ ဘီးပြုတ်ကျပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ တိမ်းမှောက်သွားခဲ့ကာ အနီးတွင်ရပ်ထားသော နစ်ဆန်း အိပ်စ်စထရာကတ်ယာဉ်အား ထပ်မံတိုက်မိခဲ့ကြောင်း ယာဉ်တိမ်းမှောက်မှုကို မျက်မြင်တွေ့ရှိသူ ဦးအောင်လွင်က ပြောကြားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ကျား ငါးဦး နှင့် မ ၁၈ ဦးစုစု ပေါင်း ၂၃ ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ယင်းအထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးတို့မှာ အတွင်းလူနာများဖြစ်ပြီး ၎င်းဒဏ်ရာရရှိသူများကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကုသနေရကြောင်း၊ ဘီအမ် ယာဉ်နောက်လိုက်မှာ ထွက်ပြေးသွားခဲ့ပြီး ယာဉ်မောင်းအား တောင်ဒဂုံမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒဂုံတောင်မြို့မရဲစခန်း မှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ည ၁၀ နာရီတွင် ပြောကြားခဲ့သည်။

“ဒီဘီအမ်ယာဉ်က အရှိန်လွန်ပြီး တိမ်းမှောက်တာ။ ယာဉ်နောက်လိုက်ကတော့ ထွက်ပြေးတယ်။ ယာဉ်မောင်းကို ဖမ်းဆီးရရှိထားပါတယ်။ သူ့ကိုတော့ ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်အရေးယူသွားမယ်။ ဒဏ်ရာရရှိသူက ၂၃ ဦးခန့်ရှိမယ်လို့ ခန့်မှန်းရတယ်” ဟု လာရောက် စစ်ဆေးနေသည့် ယာဉ်မှုစစ်က ပြောကြားခဲ့သည်။

ဘီအမ်ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို ကူညီပေးခဲ့သည့် ဦးအောင်လွင်က “ယာဉ်တိမ်းမှောက်မှုမှာ ဒဏ်ရာရရှိခဲ့သူ အများစုက အမျိုးသမီးတွေ ဖြစ်တယ်။ အဘွားကြီးတစ်ယောက်ဆိုရင် လက်ပိနေလို့ ကားကို ချိုင့်ထောက်ပြီး အပြင်ကို ကယ်ထုတ်ခဲ့တယ်။ နောက်ပြီးဒဏ်ရာရရှိတဲ့အထဲမှာ ကျောင်းသားသုံးယောက် ပါတယ်။ ဒဏ်ရာရရှိသူတွေကို ပတ်ဝန်းကျင်ရှိလူများက စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်”ဟု ပြော ကြားခဲ့သည်။

အဆိုပါ တောင်-မြောက်လမ်းဆုံ မီးပွိုင့်မိနေချိန်တွင် ခရီးသည်တင်ယာဉ်များသည် ယခုကဲ့သို့ စည်းကမ်းမဲ့မောင်းနှင်ကြသည်ဟု တောင်ဒဂုံ (၂၆) ရပ်ကွက် နေထိုင်သူများက ပြောကြားခဲ့သည်။

Eleven

တိမ်းမှောက်နေသည့် (၁၈၇) ဘီအမ်ယာဉ်အား တွေ့ရစဉ်

တိမ်းမှောက်သွားခဲ့သည့် ဘီအမ်ယာဉ်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)

No comments:

Post a Comment