Monday, July 14, 2014

မီဒီယာဖိနှိပ်ခံရမှု သမ္မတနှင့် ဆွေးနွေးရန် တောင်းဆိုပြီ

သတင်းမီဒီယာသမားများ ဖိနှိပ်ချုပ်ချယ်ခံရမှုနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတနှင့် တွေ့ ဆုံ၍ ဆွေးနွေးနိုင်ရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ဇူလိုင်လ ၁၄ ရက် ရက်စွဲဖြင့် တရားဝင် စာတင်မည်ဟု ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

ယူနတီအပတ်စဉ်ထုတ်သတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးအား ၁၉၂၃
ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ-၃/၁(က) ဖြင့် ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၁၀ ရက်က အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၀)နှစ်ကျခံရန် ပခုက္ကူ မြို့နယ် တရားရုံးမှအမိန့်ချမှတ်ခဲ့လိုက်သည့် ကိစ္စရပ်များ အပါအ၀င် မီဒီယာများကို အစိုးရက ဖိနှိပ်မှုများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန်ဖြစ်သည်။

“ဒီလမကုန်ခင်တွေ့ခွင့်ရအောင် ကြိုးစားမှာပါ။ အခုမီဒီယာနဲ့အစိုးရနားလည်မှု လွဲနေတာတွေနဲ့ ပတ်သက်ပြီး သွားရောက်ဆွေးနွေးမှာပါ။ ဒီလိုတွေဖြစ်နေတယ်ဆိုတာကို သမ္မတနဲ့ ဆွေးနွေးသွားမှာပါ”ဟု ဦးကျော်မင်းဆွေက ပြောသည်။

သမ္မတနှင့်တွေ့ဆုံချိန်တွင် မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်သည့်အရေး ကိစ္စများကိုလည်း တောင်းဆို သွားမည်ဟုလည်း ၎င်းကဆိုသည်။

သမ္မတနှင့်တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ ဥက္ကဋ္ဌအပါအ၀င် အလုပ်အမှုဆောင် ခုနစ်ဦးမှ သွားရောက်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် Daily Eleven သတင်းစာမှ သတင်းထောက်နှင့် ဒီဗီဘီ သတင်းဌာနမှ သတင်းထောက်တို့ကို ထောင်ဒဏ်ချမှတ်ခြင်း၊ ယူနတီအပတ်စဉ် သတင်းဂျာနယ်မှအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးအား ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခြင်း၊ မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာနှင့် သတင်းထောက်များအား ဖမ်းဆီးစစ်ဆေးနေခြင်းနှင့် သတင်းမီဒီယာဌာနမှ တာဝန်ရှိသူများကို မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းစုံစမ်းမှုများ ပြုလုပ်ခဲ့သည်။

မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က“သမ္မတနဲ့တွေ့ဖို့ကလိုအပ်ပါတယ်။ သမ္မတက တွေ့ချင်၊မတွေ့ချင်တော့ မသိပေမယ့် ကိုယ်တွေရဲ့ ခံစားချက်ကို သိအောင်ပြော သင့်တယ်။ ရေးနေ၊ ပြောနေတာတွေရှိပေမယ့် တရားဝင်ပြောတော့ ပိုထိရောက်တာပေါ့။ ဒီဘက်က ဘာတွေ ရင်ဆိုင်ခြိမ်းခြောက်ခံနေရတယ်ဆိုတာကို ပြောဖို့လိုအပ်သလို၊ သူတို့ဘက်က ဘာတွေ စိုးရိမ်မှုတွေရှိနေတယ်ဆိုတာ ပြန်ပြောလို့ရတာပေါ့”ဟု ပြောသည်။

ယင်းအပြင် သတင်းမီဒီယာများ၏ လွတ်လပ်မှုကို အပြည့်အ၀အာမခံချက်ပေးရန်နှင့် အမှုရင်ဆိုင်နေရသည့် သတင်းသမားများ၏ အမှုများရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။

Mizzima

No comments:

Post a Comment