Monday, July 14, 2014

လေးပွင့်မဆိုင်နိုင်သေးသည့် ကြီးလေးကြီး၏ လက်တလော လှုပ်ရှားမှုများ


လေးပွင့်ဆိုင် ဆွေးနွေးရေး တောင်းဆိုနေကြချိန်တွင် လေးပွင့်မဆိုင်နိုင်သေးသည့် ကြီးလေးကြီး ယခုရက်ပိုင်းအတွင်း ဘာတွေလုပ်နေကြလဲဆိုတာကို သတိထားလေ့လာကြည့်မိသည်။ ဇူလိုင်လ ၉ ရက်နေ့ညနေက ဦးရွှေမန်း နှင့် ဂျပန်-မြန်မာ ပါလီမန်ဆိုင်ရာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Hon. Mr. Ichiro AISAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ကြ သည်။ ဦးရွှေမန်းနှင့်အတူ ဦးဌေးဦး၊ သူရဦးအောင်ကို၊ ဒေါ်စန္ဒာမင်း နှင့် ဒေါ်ဒွဲဘူ တို့လည်းပါသည်။ ဂျပန် နှင့် မြန်မာတို့ ချစ်ကြည်ရေး နှင့် ဂျပန်မှ မြန်မာကို ကူညီရေးများ ဆွေးနွေးခဲ့သည်ဟု သိရသည်။ တိတိကျကျတော့ သတင်း
ထုတ်ပြန်ခြင်းမရှိ။ တလောက လွှတ်တော်တွင် ဦးရွှေမန်း၊ ဦးအောင်သောင်း နှင့် ဦးဌေးဦးတို့ ပူးပေါင်းကာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ခြင်း၊ ကြံ့ခိုင်ရေးပါတီအနိုင်ရရေးနှင့်ပတ်သက်၍ ဦးရွှေမန်း ဖြေကြားချက် များကိုကြည့်ခြင်းအားဖြင့် ဦးရွှေမန်း ခေါင်းထဲတွင် လေးပွင့်ဆိုင်ဆွေးနွေးရေးထက် ပါတီအရေးကို အာရုံစိုက် နေမည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ဦးသိန်းစိန်သည် ဇူလိုင်လ ၁၂ ရက်နေ့က ရုပ်ရှင်၊ သဘင် နှင့် အနုပညာရှင် ၁၀၀ ကျော်နှင့်တွေ့ဆုံ ခဲ့သည်။ တွေ့ဆုံပွဲတွင် သမ္မတကိုယ်တိုင်လည်း ငယ်စဉ်က အနုပညာရှင်များကို အတုယူခဲ့ကြောင်း၊ အနုပညာရှင်များအနေဖြင့် စံပြပြုမူပါက ပြည်သူများက အကောင်းများကို အတုယူကြမည်ဖြစ်ကြောင်း၊ အနုပညာစတူရီယို တည်ဆောက်ရန်အတွက် ပြင်ဦးလွင်ရှိ မြေဧက ၂၀ ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံခြား ရုပ်ရှင်လောကနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်ရန် ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ တွေ့ဆုံ ပွဲတွင် ပြောဆိုခဲ့သည့် “သူများတွေနဲ့ စကားပြောဖို့သာမရဲတာ တိုင်းပြည်လိုအပ်တာတွေကို ကူညီပေးဖို့ တခြား နိုင်ငံတွေကိုတောင်းတဲ့အခါ နှုတ်ကရဲနေပါပြီ..” ဟူသည့် စကားမှာ ပြည်သူများကို ဂရုဏာသက်စေခဲ့သည်။ တွေ့ဆုံပွဲအပြီး ဘူဖေးစားစဉ် အနုပညာရှင်အချို့ကို သမ္မတကိုယ်တိုင်က ပန်းကန်ယူပေးခဲ့ပြီး နောက်မှ တန်းစီက ကိုယ်တိုင်ထည့်သည့် အပြုအမူကြောင့် ပြည်သူအချို့ စိတ်မကောင်းဖြစ်ခဲ့ကြရသည်။ မည်သို့ပင်ဖြစ်စေ ကြီးလေးကြီးတွင် အမြင့်ဆုံးဖြစ်သည့် ဦးသိန်းစိန်၏ လုပ်ဆောင်မှုများက ပြည်သူများကို အားရစေခဲ့သည်ဟု သုံးသပ်နိုင်သည်။

တလောက ထိုင်းနိုင်ငံမှ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ထိုင်းရဲက ဖမ်းနေတဲ့အကြောင်း၊ မြန်မာသံရုံးမှ ဘာမှလုပ်မပေးနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ၊ DVB နှင့် အခြားသတင်းဌာန အများအပြားမှ ဖော်ပြခဲ့ကြသည်။ လက်ရှိထိုင်းနိုင်ငံကို ဗိုလ်ချုပ်ကြီး ပရာရွတ် မှ အုပ်ချုပ်လျက်ရှိရာ အိမ်နီးချင်းနိုင်ငံများမှ အရပ်သားအစိုးရများအနေဖြင့် ပြောဆိုညှိနှိုင်းရန် ဝန်လေးနေကြသည်။ ထိုအချိန်တွင် ဇူလိုင်လ ၄ ရက်နေ့က မြန်မာစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မြန်မာရွေ့ပြောင်း အလုပ်သမားများအတွက် သွားရောက်တောင်းဆိုပေး ခဲ့တာကြောင့် မြန်မာအလုပ်သမား အများအပြား အဆင်ပြေသွားကြသည်ဟု ၎င်းတို့၏ ကိုယ်ပိုင် Facebook များတွင် ရေးသားချက်များအရ သိရသည်။ ဖမ်းဆီးသံများ၊ အတင်းအဓ္မမငွေးကြေးကောက်ခံသံများ မကြားရတော့ပေ။ နိုင်ငံရပ်ခြားတွင် မျက်စိသူငယ် နားသူငယ်ဖြစ်နေသည့် ဖိနိပ်ခံပြည်သူတို့အတွက် မိမိရဲ့ လုပ်ပိုင်ခွင့်ထဲက လုပ်နိုင်သလောက်ကို အပြည့်အဝ လုပ်ပေးသွားသည့် ဦးမင်းအောင်လှိုင် ကို အတိုက်အခံအင်အားစုများကပါ ချီးကျူးခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည့် ကြီးလေးကြီးတွင် အရေးအပါဆုံးပုဂ္ဂိုလ်ဟု သတ်မှတ်ခံရသူ တစ်ဦးဖြစ်ပြီး အခက်အခဲရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် လက်ငင်းအကျိုးရှိသည့် လုပ်ဆောင် မှုများကို ၎င်း၏လုပ်ပိုင်ခွင့်အတွင်းမှ လက်တွေ့ဆောင်ရွက်ရခြင်းအား မလိုအပ်သည့် တွေ့ဆုံဆွေးနွေးပွဲ များထက် ပို၍ဦးစားပေးသူဟု သိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၁၂ ရက်နေ့က ပခုက္ကူမြို့တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒမဲကောက်ခံပွဲတွင် မိန့်ခွန်းပြောကြားခဲ့သည်။ လူပေါင်း သောင်းချီတက်ရောက်ခဲ့သည့် ဟောပြောပွဲတွင် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ရှင်းလင်းပြောကြားခဲ့သည်။ မပြင်ဆင်လိုသူများအားလုံးကို ပြည်သူကို စေတနာမရှိသူ၊ ပညာမရှိသူ၊ သတ္တိမရှိသူများဟု စွပ်စွဲပြောဆိုသွားသည်။ ယခင်မိန့်ခွန်းများအတိုင်း အာဏာပိုင်များအပေါ် ထေ့ငေါ့ ပြောဆိုမှုများကို တွေ့နေရတုန်းဖြစ်ပြီး နောက်ကြောင်းပြန်လှည့်ကာ ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲကို ပြန်လည်ကျင်းပပေးရန် တောင်းဆိုခဲ့သည်။ ယခင်ဟောပြောပွဲများကဲ့သို့ပင် တပ်မတော်ကို အများကြီး တန်ဖိုးထားကြောင်း၊ အများကြီး မေတ္တာထားကြောင်း ပြောဆိုခဲ့ပြီး သတ္တိမရှိဘူး ဟုလည်း ပြောဆိုခဲ့ပြန်သည်။ အခြေခံဥပဒေမပြင်ပဲ ကျင်းပလျှင် မည်သို့ပင် ပွင့်လင်းစွာကျင်းပပါစေ တရားမမျှတဟု ကြိုတင် အပြစ်တင်သွားပါတယ်။ ဒါ့အပြင် ၅၉(စ) ကန့်သတ်ချက်နှင့် ပတ်သက်၍ သူမအနေဖြင့် သားများကို ဗြိတိန်နိုင်ငံတွင် မွေးဖွားခဲ့ကြောင်း၊ ယခုအခါ ဗြိတိန်နိုင်ငံသား ဖြစ်နေပြီး မြန်မာနိုင်ငံသား ခံယူဖို့ မဖြစ်နိုင်ကြောင်း၊ ၎င်းတို့သည် အသက် ၁၈ နှစ်ကျော်နေသဖြင့် ဥပဒေအရ သူမ နှင့် လုံးဝမဆိုင်တော့ကြောင်း၊ ၁၈ နှစ်ကျော်သည့် သားသမီး နှင့် မိဘ သက်ဆိုင်သည်ဟု ပြောဆိုခြင်းက အာဏာရှင်စိတ်ဓာတ်ပါနေကြောင်း ပြောဆိုခဲ့သည်။ နိဂုံးမှာတော့ ယခုနောက်ဆုံး တစ်ပတ်သာ ကျန်တော့ တာကြောင့် ၄၃၆ ပြင်ဆင်ရေး လက်မှတ်မထိုးရသေးသူတွေ လက်မှတ်ထိုးကြဖို့ တိုက်တွန်းခဲ့သည်။

ပထမ ကြီးသုံးကြီး၏ လုပ်ဆောင်မှုများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုများက ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းများသည် မရိုးနိုင်သည့် မဲပြာ ပုဆိုးဖြစ်နေပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးထက် ၎င်း၏ပါတီ နှင့် ၎င်း၏ အကျိုးကိုသာ ဆောင်ရွက် နေကြောင်း ထင်ရှားနေသည်။ လေးပွင့်ဆိုင် တဖက်တွင် လေးပွင့်ဆိုင်ဆွေးနွေးရေး တောင်းဆိုနေပြီး အခြားတဖက်တွင် တွေ့ဆုံရေးပျက်ပြားစေမည့်စကားများကို ပြောဆိုနေသည်။ အစိုးရ နှင့် စစ်တပ်ကို သာမက လွှတ်တော်ကိုပါ ဝေဖန်ပုပ်ခတ်သည့်စကားများကို ပခုက္ကူမိန့်ခွန်းတွင် အထင်းအရှားတွေ့နိုင်သည်။ ယခုပြောဆိုလုပ်ဆောင်မှုများသည် ခေါင်းစဉ်သာ အမျိုးမျိုးပြောင်းသွားခဲ့သော်လည်း လွန်ခဲ့သည့် ၂၆ နှစ်က လုပ်ဆောင်မှုများနှင့် ဘာမှမကွာလှ။ ယခု ၄၃၆ ပြီးလျှင် ဇူလိုင် ၁၉ ကျော်လျှင် PR ခေါင်းစဉ်ဖြင့် NLD ပါတီဝင်များ ဆက်လက်လှုပ်ရှားကြအုံးမည်။

လက်ရှိမြန်မာနိုင်ငံ၏ အရေးပါဆုံး ခေါင်းဆောင် ၄ ဦးတွင် ဦးသိန်းစိန် နှင့် ဦးမင်းအောင်လှိုင်တို့၏ လုပ်ဆောင်မှုများက ပြည်သူတို့အတွက် ကောင်းမွန်သောအကျိုးဆက်များ သက်ရောက်မှုများ ရှိနေ သလောက် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီတစ်ခုအတွက်၊ ၎င်းတစ်ဦးတည်းအတွက် ဦးတည်လုပ်ဆောင် ပြောဆိုနေမှုများက စိတ်ပျက်ဖွယ်ကောင်းနေသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဦးသိန်းစိန်နှင့် ဦးမင်းအောင်လှိုင် တို့ကဲ့သို့ မိမိ၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ပြည်သူတို့အတွက် လက်ငင်းအကျိုးရှိစေမည့် လုပ်ဆောင်မှုများကို မိမိအရေးနှင့် ပါတီအရေးထက် ဦးစားပေးကာ အကောင်အထည်ဖော်သင့်သည်။ လေးပွင့်မဆိုင်သော်လည်း ခေါင်းဆောင် ၄ ဦး၏ ကြိုးစားမှုအားလုံးကြောင့် နိုင်ငံတော်နှင့် ပြည်သူ အားလုံးအတွက် ကောင်းမွန်သော အသီးအပွင့်များ ဖြစ်စေမည်။ ထိုသို့မဟုတ်ပဲ Revolution မှ လာသော ခေါင်းဆောင်ဖြစ်တာကြောင့် တစ်ခုပြီးတစ်ခု ခေါင်းစဉ်ပြောင်းကာ Revolution ပဲ လုပ်နေပါက ကြီးလေးကြီး တွင် ဒေါ်အောင်ဆန်း စုကြည် မှာ လူပိုတစ်ဦးသာဖြစ်ကြောင်း ပြည်သူ အများမှ ကောက်ချက်ချ သွားမည် ဖြစ်သည်။

Credit >>သားငယ်
မြန်မာပြည်သား

No comments:

Post a Comment