Friday, July 25, 2014

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း ရပ်ရခြင်းမှာ နောက်ကွယ်က လူတစ်စုကြောင့်ဟု တရုတ်သံအမတ်ဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့အကြား ဆက်သွယ်မည့် မီးရထားလမ်း စီမံကိန်း ရပ်ဆိုင်းလိုက်ရခြင်းမှာ နောက်ကွယ်က လူတစ်စု၏ လုပ်ဆောင် မှုကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Yang Houlan က ပြောကြားသည်။

ဇူလိုင်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နေအိမ်တွင် ပြု လုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်သံရုံးအနေနှင့် ရခိုင်ဒေသခံ အဖွဲ့အစည်းများဘက်မှ စီမံကိန်းအပေါ် ထောက် ခံသော ပြောဆိုချက်များသာ ရရှိခဲ့သော်လည်း မြန်မာအစိုးရက ပြည်သူများ ကန့်ကွက်၍ဟုဆိုကာ စီမံကိန်း ဖျက်သိမ်းလိုက်သည့် ကြေညာချက်အပေါ် စဉ်းစားရ ခက်ခဲကြောင်း Mr. Yang Houlan က ဆက်လက်ပြောကြားသည်။
“နောက်ကွယ်မှာ ဘယ်သူတွေ ရှိလဲဆိုတာ ကျွန်တော့်ထက် မီဒီယာသမားတွေက ပိုသိမှာပါ” ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် ဒေသခံပြည်သူများ၏ သဘောတူညီချက်ကိုသာ ဦးစားပေး စဉ်းစားသောကြောင့် အဆိုပါ မီးရထားလမ်း စီမံကိန်းအတွက်လည်း ရခိုင်ဒေသခံများ၏ သဘောတူညီချက်များ ရရှိရန် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း Mr. Yang Houlan က ပြောဆိုသည်။

“ဒါက ပြည်သူတွေရဲ့ ဆန္ဒလား မေးစရာရှိတယ်။ ကျွန်တော်ရောက်ဖူးတဲ့ ဘယ်နိုင်ငံ၊ ဘယ်ဒေသကမှ ဒီလို ဒေသဖွံ့ဖြိုးရေးအတွက် ကားလမ်း၊ ရထားလမ်း လုပ်တာကို ကန့်ကွက်တာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် ပတ်သက်၍ လယ်ယာမြေ ပြဿနာများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနှင့် အလုပ်သမားများ မတရားစေခိုင်းခံရမှုတို့ ကြုံတွေ့ဖူးသည့် အတွက် တရုတ်နိုင်ငံ၏ စီမံချက်များကို လက်ခံရန် ခက်ခဲလာကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးလှစောက ရှင်းပြသည်။

“မီးရထားလမ်းကို လုံးဝကန့်ကွက်တာ မဟုတ်ဘူး။ လုပ်ချင်တိုင်း လုပ်တာ မဟုတ်ဘဲ လူထုနစ်နာမှု မရှိအောင် အစိုးရက ကာကွယ်တဲ့ ဥပဒေကို လုပ်ပေးပါလို့ တောင်းဆိုတာ” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း ဒေသခံလူထုနှင့် အစိုးရ သဘောတူလျှင် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို ပြန်လည် စတင်မည်ဖြစ်ကြောင်း၊ တရုတ်အစိုးရဘက်မှ ရထားလမ်း စီမံကိန်း ပြီးဆုံးလျှင် ကားလမ်း စီမံကိန်းကိုပါ ဆက်လက် အကောင်အထည်ဖော်ရန် လျာထားကြောင်း ဇူလိုင်လ ၂၄ ရက်နေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားသွားသည်။

ကျောက်ဖြူ-ကူမင်း မီးရထားလမ်းအတွက် တရုတ်အစိုးရက ငွေကြေးနှင့် နည်းပညာပိုင်းတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

တရုတ်နိုင်ငံသည် မြန်မာ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ နီးပါး လာရောက် မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ စုံစမ်းသိရှိရသည်။

ကျောက်ဖြူ-ကူမင်း မီးရထားလမ်း စီမံကိန်းကို ပြည်သူလူထုနှင့် လူမှုအဖွဲ့အစည်းများက သဘောမတူသည့်အတွက် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ဇူလိုင်လဆန်းပိုင်းက ကြေညာခဲ့သည်။

ရထားလမ်းစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ (MoU) သက်တမ်းလည်း ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment