Tuesday, July 8, 2014

နောက်ကွယ်က လူတစ်စုကို ပြတ်ပြတ်သားသား ကိုင်တွယ်မယ်လို့ ဦးသိန်းစိန်ပြော

မန္တလေးပဋိပက္ခကို လူတစ်စုက ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးခဲ့တာလို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်းက ပြောပါတယ်။ အဲဒီလူတွေကို စုံစမ်းဖော်ထုတ်ပြီးတော့ ပြတ်ပြတ်သားသား ကိုင်တွယ်မယ်။ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သူက သတိပေးလိုက်ပါတယ်။

ကိုယ်ကျိုးစားပွား၊ အတ္တတွေကို ရှေ့တန်းတင်တဲ့ သူတွေရဲ့ သွေးထိုးလှုံဆော်မှုကြောင့် အပြစ်မဲ့ ပြည်သူတွေ နာကျင်ခံစားခဲ့ရတယ်။ နိုင်ငံတကာအလယ်မှာ တိုင်းပြည်ရဲ့ ပုံရိပ်တွေ၊ ဂုဏ်သိက္ခာတွေ ညိုးနွမ်းစေခဲ့တယ်လို့ သမ္မတက ဆိုပါတယ်။

လူမျိုး၊ ဘာသာ မခွဲခြားဘဲ ချစ်ကြည်ရင်းနှီးစွာ အတူတကွ နေထိုင်လာကြတဲ့ မန္တလေးသူ မန္တလေးသားတွေက လူတစ်စုရဲ့ ပဋိပက္ခဖန်တီးမှုကို လက်မခံဘဲ အတူလက်တွဲပြီး ဟန့်တားခဲ့ကြတယ်လို့ သူကပြောပါတယ်။

ရည်ရွယ်ချက်ရှိရှိနဲ့ လူ့အသိုင်းအဝိုင်းတွေကြားမှာ အမုန်းတရားတွေ ပြန့် ပွားအောင် ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော် ဖန်တီးမှုတွေဟာ တိုင်းပြည်ကို ဖျက်ဆီးတာဖြစ်တယ်လို့လည်း ဦးသိန်းစိန်က ဆိုပါတယ်။

ပဋိပက္ခ ဖန်တီးမှုတွေကို ဥပဒေမဲ့ မတုံ့ပြန်ဘဲ တရားဥပဒေ အတိုင်း ဖြစ်စေဖို့ နိုင်ငံသားအားလုံးက အစိုးရအဖွဲ့တွေနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ သူကတိုက်တွန်းပါတယ်။ မန္တလေးမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သတ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၇ ရက်နေ့ ညရှစ်နာရီမှာ ရေဒီယို မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment