Tuesday, July 29, 2014

ဆုမရပေမယ့် ဉာဏ်စမ်းအဖြေကြောင့် ပရိသတ်သတိပြုခံရတဲ့ ဆွီတီကို

ဆုမရပေမယ့် ဉာဏ်စမ်းအဖြေကြောင့် ပရိသတ်သတိပြုခံရတဲ့ ဆွီတီကို
မယ်စကြ၀ဠာ(မြန်မာ) ပြိုင်ပွဲ ဆန်ခါတင်ငါးဦး၏ ဉာဏ်စမ်းမေးခွန်းဖြေဆိုသည့် အစီအစဉ်၌ ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားကြောင်း ဖြေဆိုခဲ့သဖြင့် ဆုတစ်ဆုမှမရခဲ့သော်လည်း ခါးနံပါတ်−လေး ဆွီတီကိုကို ပရိသတ် အများစုသတိပြုမိခဲ့ကြသည်။ ဆွီတီကိုကို ‘‘ဘ၀မှာ အထင်ကြီးလေးစားရတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ’’ ဟု မေးမြန်းခဲ့ခြင်းဖြစ်ပြီး ၎င်းက ၎င်း၏မိသားစုနှင့် ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုသူ၊ တိုင်းပြည်ကို ကောင်းကျိုးပြုသူ အကုန်လုံးကိုလေးစားကြောင်း ဖြေဆိုခဲ့သည်။

သို့သော် အစီအစဉ်တင်ဆက်သူဆန်းထွဋ်က ၎င်း၏အဖြေမှာ မှန်သော်လည်း ဘဝတွင် အထင်ကြီးလေးစားရသည့်သူတစ်ဦးကိုသာ ဖြေဆိုရန် ပြောဆိုခဲ့သောကြောင့် ဆွီတီကိုက ၎င်း၏ဘဝတွင် အထင်ကြီးလေးစားရ မည့်သူတစ်ဦးမှာ ‘‘အမေစု’’ (ဒေါ်အောင်ဆန်းစုကြည်) ဖြစ်ကြောင်း ဖြေဆိုခဲ့သည်။ ထိုသို့ဖြေဆိုလိုက်သဖြင့် ပရိသတ်များက လက်ခုပ်များတီးကာ အားပေးခဲ့ကြပြီး ဆွီတီကိုကလည်း ၎င်းအနေဖြင့်သာမက အားလုံးက အမေစုကို ချစ်ကြသည်ဟု ထပ်မံပြောဆိုခဲ့သောကြောင့် လက်ခုပ်သံများ ပိုမိုဆူညံခဲ့သည်။

‘‘စင်ပေါ်မှာ အမေစုလို့ ဖြေခဲ့တာပါ။ ဒီအဖြေကြောင့် သမီး ဆုနဲ့လွဲခဲ့တယ်လို့ တချို့က ဝေဖန်ကြပါတယ်။ အမှန်တော့ ဒီအဖြေကြောင့်လည်း ဆုနဲ့လွဲခဲ့ရတယ်လို့ မထင်ပါဘူး။ ဒီလိုဖြေခဲ့လို့ဆိုရင်လည်း နောင်တမရပါဘူး’’ ဟု ၎င်းကပြောသည်။ ဆွီတီကိုသည် အဆိုပါပြိုင်ပွဲတွင် ဆန်ခါတင်ငါးဦးအထိ ပါဝင်ခဲ့ပြီး ဆုတစ်ဆုမှ မရရှိခဲ့သော်လည်း ၎င်း၏အဖြေကြောင့် ပရိသတ်များ သတိပြုမိခဲ့ပြီး အချို့က ယင်းကဲ့သို့ဖြေဆိုပါက ဆုလွဲချော်နိုင်သော်လည်း ဖြေဆိုခဲ့သောကြောင့် ၎င်းကိုချီးကျူးကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ရေးသားဝေမျှလျက်ရှိကြသည်။

Planet

No comments:

Post a Comment