Tuesday, July 29, 2014

အတန်းဖော်ကို သတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြတ်တောက်သည့် ဂျပန်ကျောင်းသူ အဖမ်းခံရ

ဂျပန်နိုင်ငံတွင် အတန်းဖော်တစ်ဦးကို သတ်ဖြတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြတ်တောက် လှီးဖြတ်ခဲ့သည့် ဆယ်ကျော်သက် ကျောင်းသူတစ်ဦးကို ရဲများက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
တောင်ပိုင်း နာဂါစကီရှိ ဆာဆီဘိုမြို့တွင် အသက်(၁၅)နှစ်အရွယ် မိန်းကလေး တစ်ဦးကို ဇူလိုင်(၂၇)ရက်တွင် ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ရဲများက အဆိုပါ မိန်းကလေးသည် အဖမ်းမခံရမီ တစ်ရက်က သူငယ်ချင်း မိန်းကလေး တစ်ဦးကို ရိုက်နှက်နှိပ်စက်ပြီး လည်ပင်းညှစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်တွင် သူငယ်ချင်း ဖြစ်သူ၏ ဦးခေါင်းနှင့် လက်တစ်ဖက်တို့ကိုလည်း မိန်းကလေး၏ ခုတ်ဖြတ်ခဲ့ကြောင်း သိရသည်။ သေဆုံးသွားသည့် မိန်းကလေးသည်လည်း အသက်(၁၅)နှစ် အရွယ်ပင်ဖြစ်ပြီး သတ်ဖြတ်သူ မိန်းကလေးနှင့် တစ်ကျောင်းတည်း အတူတက်နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လူသတ်မှု ကျူးလွန်ရာတွင် မိန်းကလေးသည် သတ္တုပစ္စည်း တစ်စုံတစ်ခုကို အသုံးပြုခဲ့သည်ဟု ယူဆထားသည်။
သေဆုံးသူ မိန်းကလေး၏ ရုပ်အလောင်းကို သံသယတရားခံ မိန်းကလေး၏ တိုက်ခန်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သံသယ တရားခံ မိန်းကလေးသည် မိဘများနှင့် ခွဲခြားနေထိုင်ကြောင်း သိရသည်။
လူသတ်မှု ကျူးလွန်ရခြင်းနှင့် ပတ်သက်သည့် အကြောင်းရင်းကို မသိရသေးသလို သတ်ဖြတ်ခဲ့သည့် မိန်းကလေး၏ စိတ်အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်သေးချေ။ မိန်းကလေးကမူ “ဒါတွေအားလုံး ကျွန်မတစ်ယောက်တည်း လုပ်ခဲ့တာ”ဟု ရဲများထံ ထွက်ဆိုခဲ့ကြောင်း Kyodo သတင်းဌာနက ဖော်ပြခဲ့သည်။
လွန်ခဲ့သော (၁၀)နှစ်က ဆာဆီဘို မြို့တွင်ပင် အသက်(၁၁)နှစ်အရွယ် ကျောင်းသူလေး တစ်ဦးသည် အသက်(၁၂)နှစ် အရွယ်ရှိ သူငယ်ချင်း ဖြစ်သူကို ဓားဖြင့် အသေထိုးသတ်ခဲ့ဖူးသည်။ ထိုစဉ်က တရားခံ မိန်းကလေးက သေဆုံးသူသည် အင်တာနက် Chat-Roomများတွင် မိမိ၏ ရုပ်သွင်ကို လှောင်ပြောင် ပြောဆိုခဲ့သဖြင့် လက်စားချေခြင်းဟု ထွက်ဆိုခဲ့သည်။
_Ref: BBC

No comments:

Post a Comment