Sunday, July 27, 2014

၄၃၆ နှင့် ၂၀၁၅

ဒီမိုကရေစီ ပီပြင်လာဖို့ ၄၃၆ ကို ပြင်ရမယ်ဆိုတဲ့ အချက်ကိုမူအားဖြင့် ( တပ်မတော် အပါအဝင် )အင်အားစုအားလုံးကလက်ခံပြီးဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘယ်အချိန်မှာ ပြင်ရင်နိုင်ငံတည်ဆောက်ရေး အတွက် အကောင်းဆုံးဖြစ်မလဲ ဆိုတဲ့အချက်ပေါ်မှာ အယူအဆတွေ ကွဲပြားနေကြခြင်းသာဖြစ်ပါတယ်။
ဒါပေမယ့် ၄၃၆ ပြင်ဆင်နိုင်လိုက်တာနဲ့ဒီမိုကရေစီ ရပြီလို့ ပြောရင်လည်းလက်တွေ့ သိပ်မကျတဲ့ကိစ္စဖြစ်ပါလိမ့်မယ်။ Transitional Period ကို
မဖြစ်မနေ ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။နောက်တစ်ခါ ပြင်ဆင်ရေးနဲ့ပတ်သက်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲရဲ့ ရလဒ်များကိုလည်းမဖြစ်မနေထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။လောလောဆယ်မှာ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အခြေခံဥပဒေဖြစ်အောင်ချက်ချင်းပြင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။


၄၃၆ အပါအဝင် ပြင်ဆင်ဖို့ အလွန်ခက်ခဲပါတယ်ဆိုတဲ့ အခြေခံဥပဒေတစ်ခုလုံးကို ဦးဆောင်ရေးဆွဲခဲ့သူများရဲ့ ရည်ရွယ်ချက်ကို မှန်မှန်ကန်ကန်
မြင်ဖို့ သုံးသပ် ဆန်းစစ်နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် တပ်မတော်ရဲ့နိုင်ငံရေးအခန်းကဏ္ဍကို ထည့်သွင်းထားခြင်းဟာ (တခြားသော ရည်ရွယ်ချက်များနဲ့ အတူ) ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ် ချောမွေ အောင်မြင်စေရေးဆိုတဲ့ အချက်တစ်ချက် ပါဝင်နေတယ်ဆိုတာ အစွဲကင်းကင်းနဲ့ ကြည့်ရင်၊ မြန်မာ့သမိုင်းကြောင်း တစ်ခုလုံးကို ထည့်သွင်းစဉ်းစားရင် လက်ခံလို့ရမယ်ဖြစ်ပါတယ်။

တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ဖယ်ရှားဖို့ အတွက် လုပ်ရမယ့်အလုပ်က တစ်ခုပဲ ရှိပါတယ်။
ဖန်တစ်ရာတေအောင်ပြောကြ ငြင်းကြ ပြီးသားဖြစ်တဲ့ " ယုံကြည်မှု တည်ဆောက်ရေး "ဖြစ်ပါတယ်။
ယုံကြည်မှုတည်ဆောက်ရေးကို ၁၀၀ ရာခိုင်နှုန်း လုပ်နိုင်ပြီးမှသာ တပ်မတော်ဟာ နိုင်ငံရေး ထဲကနေ
အသာတကြည် စိတ်လိုလက်ရ ထွက်ခွာပြီး သူ့ရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ လုံခြုံရေး
တာဝန်ကို ထမ်းဆောင်လိမ့်မယ်ဆိုတဲ့ အချက်ကို သာမန်လောက်သဘောထားလို့မရပါဘူး။
တပ်မတော်က နိုင်ငံရေးထဲ ပါနေ တဲ့ကိစ္စကို တပ်မတော်ကိုယ်တိုင်အပါအဝင် ဘယ်နိုင်ငံရေးအင်အားစုကမှမကြိုက်သလို၊
လူထုကလည်း မကြိုက်၊ နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးကလည်းမကြိုက်ဘူးဆိုတာလည်း သေချာတဲ့ အချက်ပါ။

၄၃၆ ပြင်ဆင်ရေး လူထုသဘောထားဆန္ဒများထုတ်ဖော်ရယူပြီး ဖိအားပေးတဲ့ ကိစ္စက တပ်မတော် နိုင်ငံရေးမှ ဆုတ်ခွာရေးကိုနှေင့်နှေးစေမယ်ဆိုတာ သတိပေးလိုပါတယ်။ ယုံကြည်မှုတည်ဆောက်ရေးကို အထောက်အပံ့မဖြစ်တဲ့အပြင် တစ်ဖက်နဲ့
တစ်ဖက် ပိုပြီး အမြင်မကြည်မလင်ဖြစ်စေမှာ သေချာနေလို့ဖြစ်ပါတယ်။ယုံကြည်မှုတည်ဆောက်ရေးနည်းလမ်းက လွဲလို့လည်းတခြားဘယ်နည်းလမ်းနဲ့မှ တပ်ကို ဖယ်ထုတ်လို့မရနိုင်သလို ဒီမိုကရေစီ ပီပြင်ဖို့လည်း မလွယ်ပါဘူး။ ရှစ်ဆယ့်ရှစ်အရေး တော်ပုံ
အပြီး စစ်အာဏာရှင် ခေတ်စနစ်တလျောက် အစိုးရကိုဖိအားပေးတဲ့နည်းနဲ့ ပြည်တွင်းပြည်ပက တောက်လျှောက် လုပ်လာခဲ့ပေမယ့် တပ်က မလိုက်လျောခဲ့တဲ့အပြင်တိုင်းပြည်သာ အစစအရာရာ ချွတ်ခြုံကျခဲ့ရတယ်ဆိုတာကို ပြန်လည် သတိပြုသုံးသပ်စေလိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲက Top Down Change ဖြစ်ပါတယ်။ အာဏာရှိသူက Plan ရေးဆွဲပြီး ပြောင်းလဲနေတာပါ။ Bottom Up Changeဆိုတဲ့ အောက်ကနေ အထက် လှန်ပြီး ပြောင်းလဲခြင်းလုံးဝမဟုတ်ပါဘူး။ အတိုက်အခံအင်အားစုများရဲ့ စိတ်ရှည်မှု၊ အင်အားဖြည့်တင်းနိုင်မှု( Institutionalization )နဲ့ အမြော်အမြင်ပေါ်မူတည်ပြီး
ဒီအပြောင်းအလဲ နှေးခြင်းမြန်ခြင်းကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ၄၃၆ ပြင်ဆင်ရေးဖိအားဟာ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှု များကို နှေးကွေးစေမှာဖြစ် ပါတယ်။
သဘောကတော့ တပ်မတော်ရဲ့ အတိုက်အခံတို့အပေါ်စိတ်ချယုံကြည်မှု ဖြစ်ပေါ်လာရေးကို ကောင်းကောင်းကြီး အဟန့်အတားဖြစ်စေမှာပါ။ ဒီထက်ပို ရှင်းအောင်ပြောရရင်တပ်မတော်ရဲ့ အတိုက်အခံတို့ထံ နိုင်ငံတော်အာဏာလွှဲပြောင်းပေးရေးအတွက် အခုအခံအဖြစ်ရှိနေတဲ့ စိုးရိမ်မှုကို မချေဖျက်နိုင်ဘဲ ပိုမိုတိုးပွားစေနိုင်တာကြောင့် ၂၀၁၅ မှာ အတိုက်အခံ အစိုးရပေါ်ပေါက်ရေး အတားအဆီးကြီးတစ်ခုဖြစ်လာနေပါတယ်။ စစ်အစိုးရလက်ထက်တုန်းက တပ်ဖက်မှာ အစစ အင်အားချည့်နဲ့နေခဲ့တာပါ။
နိုင်ငံတကာ ဆက်ဆံရေးနဲ့ နိုင်ငံတကာ ထောက်ခံမှုမရှိခြင်း ၊ စီးပွားရေး အကြီးအကျယ်ကျဆင်းမှု၊ လူထုကိုအပြင်းအထန် ဖိနှိပ် အုပ်ချုပ်ခြင်း စတာတွေဟာ အဲဒီတစ်ခေတ်ရဲ့အားနည်းချက်တွေပါ။
အဲဒီလောက်ခက်ခဲနေတဲ့ကြားမှာတောင်မှ တပ်က သူစီစဉ်ရေးဆွဲတဲ့ နိုင်ငံရေးအစီအမံအတိုင်းရအောင် အကောင်အထည်ဖော်ခဲ့ပါတယ်။ အခုအချိန်မှာ တပ်အနေနဲ့ တဖြည်းဖြည်းနိုင်ငံတကာရဲ့ ယုံကြည်မှုနဲ့ အထောက်အ့ပံ့များရရှိလာနေပါတယ်။ လက်ရှိ အပြောင်းအလဲဟာ ဒီမိုကရေစီကို ဦးတည်တယ်လို့ နိုင်ငံတကာက လက်ခံလာနေပါတယ်။
အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်လာခဲ့ရာက အခု အခြေခံဥပဒေ ဆိုတဲ့ Institution တစ်ခုကို အခိုင်အမာရရှိနေပြီဖြစ်တာကြောင့် အပြောင်းအလဲကို ဖော်ဆောင်ရာမှာ တပ်အနေနဲ့အသာစီးအနေအထားရရှိနေပါတယ်။ ဒီကြားထဲ တပ်နဲ့ အဆင်အပြေဆုံး ပါတီကလည်း အစိုးရဖွဲ့ထားသလို လွှတ်တော်များမှာလည်း အများစုနေရာရရှိထားပါတယ်။အာဏာလက်ရှိပါတီဆိုတာက အမြဲ အသာဆီးရတတ်တဲ့သဘောရှိပါတယ်။ အတိုက်အခံတို့ အာဏာရခဲ့ရင်လည်း နိုင်ငံရေးအရ အသာဆီးရမှာ ဓမ္မတာပဲဖြစ်ပါတယ်။
ဒါကြောင့် အပြောင်းအလဲကို အတိုက်အခံတို့ အရှိန်မြှင့်ချင်သလောက်မြှင့်ဖို့ဆိုရင် ဖိအားပေးတဲ့နည်းဟာ လုံးလုံးအလုပ်မဖြစ်နိုင်ဘဲ ယုံကြည်မှုတည်ဆောက်နိုင်ရေးကိုမူဝါဒချမှတ်ပြီး စနစ်တကျပြောင်းလဲကျင့်သုံးမှသာ အလုပ်ဖြစ်နိုင်ပါလိမ့်မယ်။ အတိုက်အခံတို့ကို နာစေလိုတဲ့သဘောနဲ့ ပြောဆိုနေခြင်းမဟုတ်ပါဘူး။ အပြောင်းအလဲကို လက်တွေ့ကျကျ အရှိန်မြှင့်နိုင်ရေး ( ဒီမိုကရေစီ မြန်ဆန်ရေး )အတွက် လက်တွေ့အရှိတရားနဲ့ အလိုက်သင့် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့ အကြံပြုခြင်းသာဖြစ်ပါတယ်။ဘယ်သူမှမရှုံးတဲ့ နိုင်ပွဲဖြစ်စေချင်ပါတယ်။
ဒီမိုကရေစီ မဖြစ်သေးတဲ့အချိန်မှာ ပါတီတစ်ခုထဲ အနိုင်ရရေးထက် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်ထဲ တိုင်းရင်းသားများအပါအဝင် အားလုံးပါဝင်နိုင်ရေးကိုလည်း အားလုံးက မလွဲမသွေ
ထည့်သွင်းစဉ်းစားလုပ်ကိုင်ကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။၂၀၁၅ မှာ တိုင်းရင်းသားတွေဟာ လွှတ်တော်ထဲမှာရော အစိုးရအဖွဲ့ထဲမှာပါ ပါဝင်သင့်သလောက်များများပါဝင်ဖို့ ထည့်စဉ်းစားသင့်ပါတယ်။

ဖိအားပေးတဲ့ ခြေလှမ်းတွေ လှမ်းလာတာကြောင့်ပဲ လွှတ်တော်မှာအများစုရထားတဲ့ပါတီက အများစုရထားတဲ့ အားသာချက်ကို ကိုင်တွယ်အသုံးချပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက်
စနစ်တကျ စီစဉ်နေတာလည်းတွေ့ရမှာဖြစ်ပါတယ်။ရွေးကောက်ပွဲအောင်နိုင်ရေးဟာ ပါတီရဲ့စိန်ခေါ်မှုဖြစ်သလို နိုင်လည်းနိုင်မှာဖြစ်တယ်လို့
ပါတီဥက္ကဌက ပြောဆိုထားတာလည်းဖြစ်ပါတယ်။PR ဖြစ်မြောက်ရေး ဆောင်ရွက်မှုဟာ ရွေးကောက်ပွဲမှာ မဲမခိုးရ မလိမ်ရဘဲ တပ် ၂၅ ရာခိုင်နှုန်းအားကိုယူပြီး အစိုးရဖွဲ့နိုင်အောင်
စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။( ၄၃၆ ဖိအားများပြင်းထန်လာတဲ့အခါ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက ပြင်ဆင်ဖို့ဆုံးဖြတ်ထားတဲ့ကိစ္စ က သိပ်အရေးမပါတော့ဘဲ
ပြည်ခိုင်ဖြိုးဥက္ကဌကလည်း ပြုပြင်ပြောင်းလဲရေးကိုထိခိုက်ရင် မပြင်ဘူးဆိုတဲ့သဘော ပြောလာတာ၊ရုတ်တရက် PR ပြန်ပေါ်လာတာကို သတိပြုမိစေချင်ပါတယ်။)ပြည်ခိုင်ဖြိုးအများစု ရထားတဲ့လွှတ်တော်မှာ

ပြည်ခိုင်ဖြိုးက
ပြင်ဆင်ရေးကို ကန့်ကွက်မှု ထောက်ခံမှု ထိထိရောက်ရောက်လုပ်နိုင်ပါတယ်။တပ်က ပြင်ပေးမယ်ဆိုရင်တောင်မှ ၂၀၁၅ ရွေးကောက်ပွဲကို သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်မယ့်
ပြည်ခိုင်ဖြိုးအနေနဲ့ ပြင်ဆင်ပေးဖို့ လွယ်ကူမယ်မဟုတ်ပါဘူး။ PR စနစ်ကိုကျင့်သုံးပါက ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ပါတီများဟာ ၂၆ ရာခိုင်နှုန်းကို အသာလေးရနိုင်ပြီး တပ် ၂၅ ရာခိုင်နှုန်းထောက်ခံမှုကို ရရှိခဲ့ရင် အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။
တိုင်းရင်းသားပါတီတချို့ကလည်း လွှတ်တော်ထဲမှာ ရလာမယ့် သူတို့ရဲ့ မဲပေးဆုံးဖြတ်ပိုင်ခွင့်ကို စဉ်းစားချင့်ချိန်ပြီး ( ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ် အာမခံချက် စတာတွေ ရနိုင်သလောက်ရဖို့ )
ထိထိရောက်ရောက်အသုံးချကြပါလိမ့်မယ်။

လူထုထောက်ခံမှုတော်တော်များများရထားတဲ့ ပါတီအနေနဲ့ NLD ဟာ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဒုတိယ ဦးစားပေးသဘောထားပြီး ပြင်ဆင်ရေးကို ပထမဦးစားပေး လုပ်ဆောင်မှုများက
အတိုက်အခံ အစိုးရပေါ်ပေါက်ရေး မျှော်လင့်ချက်ကို တစ်စတစ်စ မှေးမှိန်လာစေပါတယ်။ရွေးကောက်ပွဲကိုသာ အပြတ်အသတ်အနိုင်ရခဲ့ရင်၊ တပ်နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ရင်
၂၀၁၅ အလွန်မှာ ပြင်ဆင်ရေးကိစ္စဟာ လွယ်လင့်တကူ ဆောင်ရွက်လို့ သေချာပေါက်ရပါလိမ့်မယ်။ တပ်မတော်နဲ့ ယုံကြည်မှု မတည်ဆောက်နိုင်ဘဲ အတိုက်အခံ အာဏာရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို ပြင်ဆင်ရေးကိစ္စဟာလည်း ဘယ်လိုမှမဖြစ်နိုင်တာကြောင့်
NLD အနေနဲ့ အကျိုးသက်ရောက်မှု မရှိနိုင်တဲ့ ၄၃၆ ပြင်ဆင်ရေး ဖိအားပေးမှုကို ချက်ချင်းရပ်ဆိုင်းပြီး ၁။ တပ်နဲ့ယုံကြည်မှုတည်ဆောက်ခြင်း ၂။ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ နည်းဗျူဟာများချမှတ်ခြင်း တို့ကို အချိန်မီ ဆောင်ရွက်စေလိုပါကြောင်း ဒီမိုကရေစီကို မြန်နိုင်သမျှ မြန်မြန် ထွန်းကားစေလိုတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ သတိပေးတိုက်တွန်းလိုက်ရပါတယ်။ ။

( ပိုက်တင် )

No comments:

Post a Comment