Monday, July 21, 2014

နာမည်ကျော် လူမူကွန်ရက် တာဝန်ခံများနှင့် ပြည်တွင်း IT ပညာရှင်များ လူမူကွန်ရက် ပြဿနာ ဆွေးနွေး

ကမ္ဘာကျော် လူမှုကွန်ရက်များ ဖြစ်ကြသော Google, Facebook, Twitter အစရှိသော လူမှုကွန်ရက်များမှ တာဝန်ခံများနှင့် မြန်မာနိုင်ငံအတွင်းရှိ IT ပညာရှင်များ တွေ့ဆုံကာ တာဝန်ယူရဲသော၊ တာဝန်ခံမှုရှိသော လူမူကွန်ရက် မီဒီယာခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ခုကို ဇူလိုင်လ ၂၀ ရက်နေ့က MICT Park Conference Hall တွင် ကျင်းပခဲ့သည်။

မန္တလေး ပဋိပက္ခ ဖြစ်စဉ်အပြီး Facebook မှ တာဝန်ရှိသူများက မြန်မာအစိုးရကို ကူညီကာ
ပဋိပက္ခ ဖြစ်ပေါ်အောင် ရေးသားနေသူများကို စောင့်ကြည့်နေသည် ဆိုသည့် ကိစ္စအပေါ် လူမှုကွန်ရက် အသုံးပြုနေသူများကို အချိန်ပြည့် စောင့်ကြည့်နေခြင်းမျိုး မဟုတ်ဘဲ သုံးစွဲသူ အများစု ဖျက်သိမ်းပေးရန် တောင်းဆိုထားသော အသုံးပြုသူများ၊ စာမျက်နှာများကို အလေးထားကာ စောင့်ကြည့် စစ်ဆေးနေခြင်းသာ ဖြစ်ကြောင်း Facebook မှ တာဝန်ရှိသူများက ယင်းအခမ်းအနားတွင် ရှင်းပြသည်။

“သုံးစွဲသူတွေကို နိုင်ငံတော်လုံခြုံရေး ပြည်သူလုံခြုံရေးအတွက် စောင့်ကြည့်တာကို အားပေးပါတယ်။ ဒါပေမဲ့ အဲဒါကို အသုံးချပြီးတော့ Facebook ကို ပိတ်လိုက်တာမျိုးတို့ သုံးစွဲသူတွေက သူတို့ကို မျက်စိတောက်ထောက် လိုက်ကြည့်ခံနေရတယ် ဆိုတဲ့ ခံစားမှုမျိုး ရသွားရင်တော့ မကောင်းဘူးလို့ ထင်ပါတယ်” ဟု ဘလော့ဂါ နေဘုန်းလတ်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း လူမူကွန်ရက် သုံးစွဲသူ များစွာ တိုးတက်လာပြီး လူမူကွန်ရက်မှ တစ်ဆင့် မလိုလားအပ်သော ပဋိပက္ခ ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်ခဲ့ကြောင်း၊ နောက်ဆုံး ဖြစ်ပေါ်ခဲ့သော မန္တလေး ပဋိပက္ခဖြစ်စဉ်မှာ လူမှုကွန်ရက်ကို အသုံးချ၍ ဖန်တီး ခဲ့ခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

The Voice Weekly

No comments:

Post a Comment