Tuesday, July 29, 2014

PR စနစ် အခြေခံဥပဒေနှင့် ညီမညီ ဆုံးဖြတ်ရန်မှာ အခြေခံဥပဒေ ခုံရုံး၏ တာဝန်ဟု သူရဦးရွှေမန်း ပြောကြား

ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ပြောင်းလဲ ကျင့်သုံးခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီမညီ ဆိုသည်ကို ဆုံးဖြတ်ရန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးတွင်သာ တာဝန်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပွင့်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက PR စနစ် ကျင့်သုံးခြင်းသည် အခြေခံဥပဒေနှင့် မညီကြောင်း ဆွေးနွေး ပြောဆိုချက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီ အဆုံးအဖြတ်ပေးဖို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးမှာပဲ တာဝန်ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ် အတိုင်းသာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိ ကျင့်သုံးနေသော ရွေးကောက်ပွဲ FPTP စနစ်သည် ရွေးကောက်ပွဲ စိမ်းသော ပြည်သူများ အတွက် အကိုက်ညီဆုံး ဖြစ်ပြီး PR စနစ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေများနှင့် ဆန့်ကျင်သော ရွေးကောက်ပွဲ စနစ်တစ်ခု ဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
“တပ်မတော်သားတွေ အတွက်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ပါနေတဲ့အတွက် ကြားနေလို့ မရပါဘူး။ ကန့်ကွက်ဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းသို့ ပြောဆိုခြင်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တစ်ယောက်ရဲ့ တာဝန်ကို ဝေဖန်တင်ပြလို့ ရပါတယ်။ ဒါပေမဲ့ လွှတ်တော် သိက္ခာကျစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းမျိုး မဖြစ်စေဖို့ လိုအပ်တယ်” ဟု ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးချက်အပေါ် သတိပေးခဲ့သည်။

အဆိုပါ PR ကျင့်သုံးရေးအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များက အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း ကန့်ကွက်ဆွေးနွေးလျက် ရှိသည်။
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ပွဲများ အချိုးကျကိုယ်စားပြုစနစ် အသုံးပြုရေး အဆိုကို ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ကိုယ်စားလှယ် ကိုးဦးက ကန့်ကွက်ဆွေးနွေးခဲ့ကာ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်ကိုးဦးက ထောက်ခံဆွေးနွေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment